ပန်းသီးနှင့် အသည်းရောင် ဘီပိုး
တစ်နေ့ ပန်းသီးတစ်လုံး စားပါက သက်ရှည် ကျန်းမာပြီး ဆရာဝန်နဲ့ ဝေးဝေး နေခွင့်ရ ပါလိမ့် မယ်တဲ့။ တကယ်တော့လူတွေဟာ မိမိစားနေကျ အစာအပြင်အသီးအနှံတစ်မျိုးမျိုးကို နေ့စဉ် စားမယ်ဆိုရင် ကျန်းမာရေးကောင်းမယ်လို့ ထင်ပါတယ်။ ဥပမာ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး စသဖြင့် မှန်မှန်စားရင်ကျန်းမာရေးနဲ့ ပြည့်စုံမယ်လို့ ထင်တယ်။ ပန်းသီးမှာ ဗီတာမင်စီ များများပါတယ်။ Immue System ခေါ်တဲ့ ကိုယ်ခံစွမ်းအားကို တက်စေတယ်။ အဆီဓာတ် Cholesterol ကိုလည်း ကျစေတယ်။ ကန်စွန်းဥတို့၊ ငှက်ပျောသီးတို့စားသလိုကိုက်စားရင် သွားချေးမကပ်ဘဲ ခံတွင်းရှင်းတယ်၊ ဦးနှောက်အားကောင်းတဲ့အတွက် သူငယ်ပြန်မှု နည်းစေတယ်။ ကယ်လိုရီ နည်းတဲ့အတွက် ငှက်ပျောသီး စားတာလို ဝတာ အားမပေးဘူး။ ပန်းနာရင်ကျပ်ရောဂါတို့၊ အဆုတ်ရောဂါတို့ နည်းစေတယ်လို့ ပြောကြတယ်။
တစ်ခါက အားကစားသမား တစ်ယောက်က ပြောတယ်။ သူ့မှာ အရင်တုန်းက အသည်းရောင် ဘီ ပိုးမရှိဘူးတဲ့။ နိုင်ငံခြားကို သွားပြိုင်ဖို့ စခန်းသွင်းပြီး လေ့ကျင့်တဲ့အခါမှသာ အသည်း ရောင်ဘီပိုး ပေါ်လာရတယ်လို့ ဆိုတယ်။ အဆောင်အတူ နေသူတွေ အများကြီးရှိပေမယ့် သောက်ရေခွက်လည်း သီးသန့်သုံးတယ်၊ သွားပွတ်တံလည်း သုံးတယ်၊ဟင်းချိုခွက်နဲ့ ဇွန်း သီးသန့်သုံးတယ်။ဘီးနဲ့ မုတ်ဆိတ်ရိတ်ကိရိယာတွေလည်းသီးသန့် သုံးတယ်။ ဘာကြောင့် ကူးရတာလဲလို့ ဆိုတယ်။ ဒါပေမဲ့တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အလွန်ခင်မင်တယ်၊ ပန်းသီးတစ်လုံးရရင် သူတစ်ကိုက်၊ ကိုယ်တစ်ကိုက်စားကြတယ်။ လက်ဖက်သုပ်ကိုလည်း ဇွန်းတစ်ချောင်း၊ နှစ်ချောင်းနဲ့ ဝိုင်းစားကြတယ်၊ ဒါပဲလို့ ဆိုတယ်။ ဘီပိုးဟာသွေးသွင်းရာ၊ ဆေးထိုးရာ၊ လိင်ဆက်ဆံရာက အဓိကကူးတဲ့ရောဂါပိုးဖြစ်တယ်။
အတိ အကျကူးတယ်လို့ ပြောနိုင်တဲ့နည်း ရှိသလို အတိအကျမပြောနိုင်တဲ့နည်းတွေနဲ့လည်း ကူးမှာပါပဲ။ ဒီနှစ် ကမ္ဘာ့အသည်းရောင်အထိမ်းအမှတ်နေ့ (World Hepatitis Day) ရဲ့ဆောင်ပုဒ်က "This is hepatitis... It is closer than you think" အသည်းရောဂါပိုးဟာ မင်းထင်တာထက် ပိုကူးလွယ်တယ်၊ လက်တစ်ကမ်းမှာပဲ အသည်းရောင်ပိုးက ရှိနေတယ်။ အသည်းရောင်ပိုးတွေရဲ့ ရောဂါလက္ခဏာ တစ်ခုက ရောဂါလက္ခဏာမပြတာဘဲ။ ဒါကြောင့် သွေးစစ် ကြည့်ရတယ်၊ သွေးစစ်ကြည့်မှရှိမှန်း သိမယ်။ မရှိရင် ကာကွယ်ဆေးထိုးမယ်။ သိလည်းသိ၊ စစ်လည်းစစ်၊ ကာကွယ်ဆေးလည်းထိုး လုပ်တာကို လုပ်ရမယ်။ အသည်းရောင် ဘီပိုးကို ရန်ကုန်သံဃာ့တက္ကသိုလ်က စစ်ဆေးတယ်၊ ကာကွယ်ဆေးထိုးတယ်။ မှော်ဘီ၊ ရွှေပေါက်ကံ၊ ပဲခူးက တောရကျောင်းစာသင်တိုက်တွေမှာသွေးစစ်၊ ကာကွယ်ဆေးထိုးပြုလုပ်တယ်။
တရုတ်(တိုင်ပေ)ဆရာတော်တစ်ပါးက မန္တလေးက ကျောင်းတိုက်တွေမှာ အသည်းရောင်ဘီပိုး ကာကွယ်ဆေးလှူတယ်။ မန္တလေးက သံဃာတွေကိုလည်း ထိုးပေးတာ ဖတ်ရတယ်။ မွန်ပြည်နယ်၊ ဇင်းကျိုက်က အထက်တန်းကျောင်းသား၊ ကျောင်းသူတွေက အသည်းရောင်ဘီပိုးကို စစ်ကြည့်တယ်၊ ကာကွယ်ဆေး ထိုးကြတယ်၊ ဒါဟာ ကောင်းတဲ့ ခြေလှမ်းတွေပဲ။တစ်နေ့မှာ သတင်းတစ်ပုဒ်ကို တစ်ပိုင်းတစ်စကြည့်လိုက်တော့ ပန်းသီးဖောင်ဒေးရှင်းက မိဘမဲ့ကလေးတွေနဲ့ အမျိုးသမီးမူလတန်းကျောင်းက ကလေးတွေကိုသွေးစစ်ပြီး အခမဲ့ ကာကွယ်ဆေးထိုးနေတာကို တွေ့ရတယ်လို့ ထင်တယ်။ အရမ်းဝမ်းသာမိတယ်။ စားဝတ်နေရေး ပြည့်စုံရုံ၊ ပညာသင်ကြားရုံသာမက အသည်းရောဂါ ကင်းစင်တဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်လေးတွေကိုပါ ဖန်တီးစပြုနေကြပြီ။ အသည်းရောင်ရောဂါကင်းစင် အနာဂတ်မျိုးဆက်သစ်တွေလို့လည်း ဆိုနိုင်လာတော့မယ်။
အားကူကြိုးပမ်းကြပါစေ။

အသည်းရောင် ဘီ ကာကွယ်ဆေး ထိုးထားလား
လူနာကို ရောဂါ ရာဇဝင်မေးတိုင်း ထည့်မေးလေ့ရှိသည့် မေးခွန်းဖြစ်သည်။ လူနာတိုင်းကို မေး လေ့ရှိ
သော်လည်း အရက်သောက်သူ၊ အသည်းရောဂါခံစားနေရသူနှင့် ကျန်းမာရေးဆေးစစ်သူများတွင် အဓိကထားမေးသည်။ မြို့ပြနေကျန်းမာရေး အသိရှိသူနှင့်ခေတ်မီသူတော်တော်များများထိုးပြီးဖြစ်နေ တတ်သော်လည်း အများစုက မထိုးရ သေးသည်ကိုတွေ့ရသည်။
ဈေး အတော်အတန်ရှိသဖြင့် မထိုးကြသည် ထက် ကာကွယ်ဆေး၏ အကျိုးနှင့် ထိရောက်မှုကို မသိ
သည်က များ သည်။ ထိုးပြီးသူကလည်း ကာကွယ် ဆေးအောင်၊ မအောင် မသိ။ဘယ်တုန်းက ထိုးခဲ့မှန်း
မသိ၊ မမှတ်မိသူ က များသည်။ ဆေးနှစ်လုံးထိုးပြီး ဆက်မထိုးဖြစ်သူ၊ ဆေးပတ်မပြည့်သူ များလည်းရှိသည်။ အားဖြည့်အလုံး (Booster Dose) မထိုးဖြစ်သူများ လည်း ရှိသည်။ ပုဂ္ဂလိကဆေးရုံတစ်ခုမှ ဝန်ထမ်း များ အသည်းရောင်ဘီကာကွယ်ဆေး ထိုးထားခြင်းရှိ၊ မရှိ မေးကြည့်ရာ အားလုံးနီးပါး ထိုးမထားကြ။
ယင်း ဆေးရုံမှ ဆရာဝန်ငယ်များတွင်ပင် ဘီပိုးကာကွယ်ဆေးမထိုးရသေးသူများ ရှိသည်။ အခြားသာမန်လူများ
နည်းတူ ဆေးပတ်မလည်သူ၊ ကာကွယ်ဆေး အောင်၊ မအောင် မသိသူ၊ အားဖြည့် ဆေး (Booster Dose) မထိုးရသေး သူ၊ ကာကွယ်ဆေးမအောင်သဖြင့် ဘာဆက်လုပ်ရမှန်း မသိသူများလည်း ပါသည်။ စာရေးသူ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အလုပ်လုပ်စဉ်က လည်း ဆေးရုံသို့ စရောက်လာသည့် တတိယနှစ် ဆေးကျောင်းသားများကို ဘီပိုးကာကွယ်ဆေးထိုးထား၊ မထား မေးကြည့်လေ့ရှိသည်။
မထိုးကြသည် က များသည်။ မထိုးရသေးသူများကို ထိုးခိုင်းရသည်။ အသည်းရောင် Virus ပိုးများနှင့် အသည်းရောဂါအမျိုးမျိုးအကြောင်းကို အသည်းရောဂါအထူးကုဆရာဝန်ကြီး များက ဘက်စုံထောင့်စုံမှ အခါမလပ် အသေးစိတ် ရေးကြသည်ကို တွေ့ရ ပါသည်။
ယခုစာစုသည် အသည်း အထူးကုဆရာဝန်ကြီးများ
ရေးသကဲ့ သို့ ထဲထဲဝင်ဝင်၊ နှိုက်နှိုက်ချွတ်ချွတ် မဟုတ်မူဘဲဘီကာကွယ်ဆေးအကြောင်း ကိုသာ အဓိက
ထား၍ ရေးသားခြင်း ဖြစ်ပါသည်။ မည်သည့်အသိ၊ မည်သည့်ပညာမဆို မည်မျှလွယ်လွယ်မသိသူများအတွက်
ခက်ခဲနေတတ်သည်။ ဝိုးတိုးဝါးတားဖြစ်နေတတ်သည်။ ဘီ ကာကွယ်ဆေးအကြောင်းနှင့် စနစ် ကျထိုးနည်းကို
မသိကြသူများ ရှိ သည်။ ဘီကာကွယ်ဆေးရှိမှန်း မသိ ကြသူများပင် ရှိသည်။
အသည်းရောင်ဘီပိုး
အသည်းရောင် Virus များ အနက် ဘီပိုးနှင့် စီပိုးသည် ပုံစံတူ သည်။ သွေးနှင့်ခန္ဓာကိုယ်အရည်များ မှတစ်ဆင့် ကူးသည်။ Virus နှစ်မျိုး စလုံးသည် နာတာရှည်အသည်း ရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာတို့ကို ဖြစ်စေသည်။ သို့ရာတွင်Virus နှစ်မျိုး ကွာခြား ချက်ရှိသည်။ ဘီပိုးသည် စီပိုးထက် ဆယ်ဆ ပိုးကူးစက်လွယ်သည်။ ဘီပိုး အတွက် ထိရောက်သော ကာကွယ် ဆေးရှိသည်။ စီပိုးအတွက် ကာကွယ် ဆေးမရှိ။ အသည်းရောင်ဘီပိုးသည် အသည်းရောင်စေသည်။ အချို့တွင် ရောဂါလက္ခဏာပြပြီး အများစုတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသည်။ကူးစက်ခံရသူ ၉၅ ရာခိုင်နှုန်း ခန့်တွင် ရောဂါပိုးပျောက်
သွားသော် လည်း ကျန် ၅ ရာခိုင်နှုန်းခန့်တွင် လုံးဝမပျောက်၊ တစ်သက်လုံးဆက်ရှိ နေတတ်သည်။ နာတာရှည်ဘီပိုး သယ်ဆောင်သူဖြစ်နိုင်ခြေသည် အ သက်အရွယ်ပေါ်မူတည်သည်။ မွေးကင်း စအချိန်တွင် ကူးစက်ခံရပါက ၇၀ မှ ၉၀ ရာခိုင်နှုန်းထိ နာတာရှည်ဘီပိုး သယ်ဆောင်သူ ဖြစ်သွားလေ့ရှိသည်။
ကမ္ဘာပေါ်တွင် နာတာရှည်ဘီပိုးရှိသူ သန်း ၃၀ဝ ခန့်ရှိသည်။ ယင်းလူနာ များသည် နောင်တွင်အသည်းခြောက်
ရောဂါနှင့် အသည်းကင်ဆာဖြစ်နိုင် ခြေများသော လူနာများဖြစ်သည်။ နာတာရှည်ဘီပိုးရှိသူ ၁၅ မှ ၂၀ ရာခိုင်နှုန်းသည် ၅ နှစ်မှ ၂၀ နှစ် အကြာတွင် အသည်းခြောက်သွား တတ်သည်ဟု ဆိုသည်။ နာတာရှည် ဘီပိုးရှိသူ အသည်းခြောက်၊ အသည်း ကင်ဆာဖြစ်ပွားမှုသည် မည်သည့် အရွယ်တွင် ကူးစက်ခံရသည်အပေါ် တွင်လည်း တည်သည်။ မွေးကင်းစ အရွယ် ကူးစက်ခံရပါက ဖြစ်နိုင်ခြေ အလားအလာ ပိုများသည်။ နာတာရှည်ဘီပိုး သယ်ဆောင် သူတို့၏ အခြားနောက်ဆက်တွဲ ပြဿနာမှာ အသည်းကင်ဆာ ဖြစ် သည်။ နာတာရှည်ဘီပိုးရှိသူသည် မရှိသူထက် အသည်းကင်ဆာဖြစ်ရန် အလားအလာ အဆ ၁၀ဝ ပိုများ သည်။
မွေးကင်းစနှင့် ကလေးအရွယ် တွင် ဘီပိုးကူးစက်မှုများသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အသည်းကင်ဆာဖြစ် ပွားမှုမှာမြင့်မားလျက်ရှိသည်။ ယင်း နိုင်ငံများတွင် အသည်းကင်ဆာ အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် ဘီပိုးနှင့် ဆက်နွှယ်ပတ်သက်မှုရှိသည် ဟုဆိုသည်။
အသည်းရောင်ဘီ ကာကွယ်ဆေး
ဘီကာကွယ်ဆေးသည် အန္တရာယ် ကင်းသည်။ ဘီပိုးမဝင်အောင် ကာ ကွယ်နိုင်စွမ်းကောင်းသည်။ ဘီပိုး မျိုးကွဲ (Genotypes) အားလုံးကို ကာကွယ်နိုင်သည်။ ကာကွယ်နိုင်မှု သည် ရေရှည်ခံသည်။ ဘီကာကွယ်
ဆေးသည် ကာကွယ် ဆေးထိုးသူ ၉၅ ရာခိုင်နှုန်းတွင် ထိ ရောက်သော ကာကွယ်မှုပေးသည်။ ကလေးနှင့် လူငယ်များတွင် ကာကွယ် နိုင်မှု ပိုစွမ်းသည်။ ထို့ကြောင့် ဘီ ကာကွယ်ဆေးထိုးခြင်းဖြင့် ဘီပိုး ကြောင့်ဖြစ်
သော အသည်းခြောက် ရောဂါနှင့် အသည်းကင်ဆာဖြစ်ပွားမှု ကို ကာကွယ်နိုင်မည်ဖြစ်သည်။
အသည်းရောင်ဘီပိုးအဖြစ်များ သော တရုတ်နိုင်ငံ၊ ထိုင်ဝမ်ကျွန်းတွင် ၁၉၈၄ ခုနှစ်မှစတင်ပြီး ဘီကာကွယ်
ဆေးကို တစ်နိုင်ငံလုံး လွှမ်းခြုံထိုးပေးခဲ့ သည်။ ထို့ကြောင့် ၆ နှစ်အရွယ် ကလေးများတွင် ဘီပိုးကူးစ
က်ဖြစ်ပွားမှု ၁၀.၅ ရာခိုင်နှုန်းမှ ၁.၇ ရာခိုင်နှုန်းထိ လျော့ကျသွားသည်။ ဘီပိုးရှိ ကိုယ်ဝန် ဆောင် မိခင်မှ မွေးကင်းစကလေးသို့ ကူးစက်မှုကို ကာကွယ်နိုင်သဖြင့် ဘီ ပိုးရှိ ကလေးဦးရေသည် ၈၆-၉၆ ရာခိုင်နှုန်းမှ ၁၂-၁၄ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့သည်။ အကျိုးဆက်အနေ ဖြင့် အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာဖြစ်ပွားမှုလည်း သိသိသာသာ ကျဆင်းသွားသည်။ ၆ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများတွင်
နှစ်စဉ် အသည်းကင်ဆာဖြစ်ပွားမှု ကလေး ၁၀ဝ၀ဝ၀လျှင် ဝ.၇၀ ရာခိုင် နှုန်းမှ ဝ.၃၆ ရာခိုင်နှုန်းထိ ၁၀ နှစ် အတွင်း ကျဆင်းသွားသည်။ အသည်း ကင်ဆာကြောင့်သေဆုံးမှုလည်း လျော့ နည်းသွားသည်။
ပါမောက္ခနေ၀င်း(ဆေးပညာ)
Health Digest
Post a Comment
သင်၏မှတ်ချက် ရေးပါ။.....