LATESTED NEWS
Showing posts with label ပရလောက. Show all posts
Showing posts with label ပရလောက. Show all posts

မဖဲဝါ


မဖဲဝါအကြောင်း အထုပ္ပတ္တိ အပြည့်အစုံကတော့ နန္ဓာဒေ၀ီဆိုတဲ့ နာမည်နဲ့ ပါ။ လူ့ဘ၀က သူ့မူလနာမည်ဟာ နန္ဒာဒေ၀ီဖြစ်ပါတယ်။ နောက်ပိုင်း သူ့ရန်သူတွေက လိုက်လို့ ပြေးရစဉ်မှာ ဖလာဝဟဆိုတဲ့ ပါဠိ အနက်ကို စွဲလို့ မဖဲဝါလို့ အသံဖလှယ်ပြီး နာမည် ယူခဲ့တာ ဖြစ်ပါတယ်။ ဖလာဝဟဆိုတာ ပါဠိစကားပါ။ မြန်မာလို အကျိုးကိုဆောင်သည်လို့ အဓိပ္ပါယ်ရပါတယ်။ ဖလာဝဟ ကနေ ဖဲဝါ ဖြစ်လာတာပေါ့။

ကြက်ရိုးကျွေးမယ်လာခဲ့လို့ စနောက်ပြီးခေါ်ရာမှ တကယ်ရောက်လာတဲ့ ထမီရင်လျားနဲ့ သရဲမ(ဖြစ်ရပ်မှန်)




တက္ကသိုလ်ကျောင်းတော်သားဘ၀မှာ ပထမနှစ်မှာတင် အဆောင်သုံးဆောင်ပြောင်းခဲ့ရပါတယ်။ အကြောင်းရင်းကတော့ အဆောင်ရှင်တွေနဲ့ မတည့်လို့ပါပဲ။ ဒုတိယနှစ်အရောက်မှာတော့ အဆောင်နေဖို့မကြိုးစားတော့ပဲ လုံးချင်းအိမ်လေးတလုံးငှားနေဖို့ဆုံးဖြတ်ပြီး အိမ်အရှာထွက်ရင်းက လုံးချင်းတိုက်လေးတလုံးငှားဖြစ်သွားရောဆိုပါတော့။ ငှားဖြစ်သွားတယ်ဆိုပေမယ့် သာမန်ထက်ထူးခြားတာလေးတခုတော့ ကြုံလိုက်ရပါတယ်။ တချို့ တချို့သော အိမ်ရှင်တွေလို ဒီအိမ်က စီးပွားတက်တယ်၊ လာဘ်ကောင်းတယ် အစရှိတဲ့ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောတတ်ကြတဲ့ အိမ်ရှင်တွေရဲ့ ကိုယ့်အိမ်ကို ချီးမွမ်းထောပနာသံမျိုးမကြားရပဲ " ဒီအိမ်မှာ အစောင့်အရှောက်ရှိတယ်။ မဟုတ်တာ မကောင်းတာ လုပ်တာကိုမပြောနဲ့.. ပေါက်တတ်ကရတွေ ပြောဆိုလို့တောင် မရဘူးနော် " လို့ အိမ်ရှင်အိမ်ငှား စာချုပ်မချုပ်ခင်မှာ အသေအချာ မှာလိုက်ခြင်းပါပဲ။
သူငယ်ချင်းတယောက်ရဲ့ အကိုဖြစ်သူက ဒီအိမ်လေးအကြောင်းကို တစွန်းတစပြောသွားတာလေးကလည်း အားရစရာပါ။


" မင်းတို့ခုငှားလိုက်တဲ့ အိမ်က အရင်တုန်းက မိန်းကလေးအဆောင်ကွ၊ တရက်တော့ အဆောင်က ကောင်မလေးတွေ အားလုံး ရုပ်ရှင်သွားကြည့်ကြတယ်။ သူတို့ထဲက တယောက်ကတော့ နေမကောင်းလို့လား ဘာလို့လဲမသိပါဘူး မလိုက်သွားပဲ ကျန်နေခဲ့ရော...။ သူ့သူငယ်ချင်းတွေ အကုန်လုံး အပြင်ထွက်သွားပြီး တော်တော်ကြာတော့ အိမ်ထဲကနေ အော်ဟစ်ပြီး ထွက်ပြေးလာတာကို ငါတို့ရပ်ကွက်ထဲကလူတွေ တော်တော်များများ တွေ့လိုက်ကြတယ်။

ဖြစ်ပုံက သူတယောက်တည်း အိမ်မှာကျန်နေခဲ့တုန်း ၀တ်ဖြူစင်ကြယ်ဝတ်ထားတဲ့ အဖိုးကြီးတယောက် သူ့ရှေ့တည့်တည့်မှာ ရုတ်တရက်ပေါ်လာတာကို မြင်လိုက်ရလို့ ကြောင်အားလန့်အားနဲ့ အိမ်ထဲကနေ ပြေးထွက်လာတာတဲ့ကွ.....။ အိမ်ပြင်ရောက်တော့ ကြောက်ကြောက်လန့်လန့်နဲ့ ဂယောင်ဂတမ်းတွေ ပြောပြီးအော်ဟစ်နေလို့ ပတ်ဝန်းကျင်က ခေါ်ထားလိုက်ရတယ်။ နောက်နေ့မနက်မိုးလင်းတော့ အဲ့ကောင်မလေး ရူးကြောင်ကြောင်ဖြစ်နေပြီ...။ ကျောင်းတောင်မှ ပြီးအောင်ဆက်မတက်လိုက်ရပဲ သူ့အိမ်က ပြန်လာခေါ်သွားရတယ်တဲ့။ နောက်လေးငါးခြောက်လလောက်ရှိမှ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကျောင်းပြန်တက်နိုင်တာ မင်းတို့လည်း အဲ့ဒီအိမ်မှာနေမယ်ဆိုရင် အနေအထိုင်တော့ ဆင်ခြင်နော်" တဲ့။ " သြော်... ဟုတ်ကဲ့ " လို့ပဲ သူ့စကားကို တုံ့ပြန်ပြီး စိတ်ထဲမှာ အမှုမဲ့အမှတ်မဲ့ ထားလိုက်ပါတယ်။

ကိုယ့်စိတ်တိုင်းကျနေလို့ရအောင်ဆိုပြီး ငှားဖြစ်လိုက်တဲ့ဒီအိမ်လေးမှာ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ကျွန်တော်တို့သူငယ်ချင်းလေးယောက်ရယ်၊ ကျွန်တော့်သူငယ်ချင်းတယောက်ရဲ့ ညီဝမ်းကွဲနဲ့ သူ့အပေါင်းအသင်းသုံးယောက်ရယ် စုစုပေါင်းရှစ်ယောက်တိတိ နေဖြစ်ခဲ့ကြပါတယ်။ အိမ်လေးကခပ်သေးသေးဆိုပေမယ့် ခြံဝင်းကတော့ အတော်လေး ကျယ်ကျယ်ဝန်းဝန်းရှိတော့ အားကစားလေ့ကျင့်ခန်းတွေဘာတွေ လုပ်ရတာလည်း အဆင်ပြေသလို ကျွန်တော်တို့အိမ်နဲ့ မလှမ်းကမ်းမှာလည်း ကျောင်းသူတွေသီးသန့်နေတဲ့ အဆောင်တွေကလည်းရှိပြန်တော့ နေရထိုင်ရတာ အတော်လေး စိုစိုပြေပြေရှိတယ် ဆိုပါစို့။ အဆောင်နေကျောင်းသားမဟုတ်တော့ပဲ အပြင်မှာငှားနေခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ်နဲ့ ကျွန်တော်တို့ ဒုတိယနှစ်ကျောင်းတော်သားလေးယောက်က ညဆိုရင် ယမကာလေးမှီဝဲသုံးဆောင်ပြီးမှ ပြန်လာတတ်ကြပါတော့တယ်။ ပြန်ရောက်တာနဲ့ အိပ်ယာပေါ်ဒိုင်ဗင်ထိုးပြီး အိပ်လိုက်ကြတာများပါတယ်။ ပထမနှစ်ကျောင်းသားတွေကတော့ ကျောင်းကို စရောက်ခါစမို့ အပေါင်းအသင်းလည်း သိပ်မရှိသေးလို့ထင်ပါရဲ့။ ဟိုဟိုဒီဒီ သွားတာလာတာမျိုးသိပ်မတွေ့ရပဲ အိမ်မှာပဲနေတတ်ကြပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အကြီးလေးယောက်က အပြင်ဆိုင်တွေမှာပဲ ဝမ်းရေးကို ဖြေရှင်းတတ်ကြပေမယ့် သူတို့ကတော့ အဆောင်မှာပဲ ထမင်းဟင်းချက်စားကြတယ်လေ။ ကျွန်တော်တို့ချာရာဏသီရွှေပြည်ကြီးရဲ့ လျှပ်စစ်မီးဆိုတာက အများသိတော်မူကြတဲ့အတိုင်း ညကြီးအချိန်မတော် (၂)ချက်တီးလောက်မှပဲ မီးအားကကောင်းတတ်တာဆိုတော့ အဲ့ဒီအချိန်လေးချက်မှ ထမင်းကောင်းကောင်းရတယ်ဆိုပြီး သူတို့တွေခမျာ အဲ့ဒီအချိန်ကျမှ ဒုက္ခခံ၊ အိပ်ပျက်ခံပြီး အလှည့်ကျစနစ်နဲ့ ထမင်းထချက်ကြပါတယ်။

ဒီလိုနဲ့ သူတို့လေးယောက် ထမင်းဟင်းထချက်ကြတာ ပထမလမှာတော့ ဘာအသံဗလံမှမကြားရပဲ ပုံမှန်အတိုင်းပါပဲ။
တရက်တော့ဖိုးကျော်ဆိုတဲ့ ကောင်လေးအလှည့်ရောက်လာတယ်။ သူထမင်းထချက်နေတုန်း မီးဖိုခန်းတံခါးကို လာခေါက်ပါလေရော။ စဉ်းစားကြည့်လေ အချိန်မတော်ကြီးတယောက်တည်း ရှိနေတုန်းမှာ တံခါးခေါက်သံကြားလိုက်ရတော့ တော်တန်ရုံသတ္တိကောင်းပါတယ်ဆိုရင်တောင်မှ အနည်းနဲ့အများတော့ လန့်သွားမှာပဲမဟုတ်လား။ တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် သုံးလေးခေါက်လောက် တံခါးလာခေါက်နေတော့ သူလည်း အိပ်နေတဲ့လူတွေအကုန်လုံးကို လာနှိုးပါလေရော။ အိမ်ကို ဓါးပြများလာတိုက်သလားဆိုပြီး ထကြည့်ကြတော့လည်း ဘာမှမတွေ့ရပါဘူး။ ထကြည့်ကြတဲ့အထဲမှာ ကျွန်တော်တော့မပါလိုက်ပါဘူး။ အမူးလွန်ပြီး အိပ်ပျော်နေလို့ မနက်ကျမှ သူတို့ပြန်ပြောလို့ သိရတာ။

နောက်လေးရက်မြောက်နေ့မှာတော့ မောင်ကောင်းအလှည့်ရောက်လာပြန်ပါတယ်။ သူ့ကိုလည်း ဖိုးကျော်တုန်းကလိုပဲ တံခါးလာခေါက်ပြန်ပါတယ်။ ဒါနဲ့ပဲ ထမင်းချက်ရင် နှစ်ယောက်တွဲစနစ်နဲ့ ချက်တဲ့အခြေအနေကို ရောက်သွားတော့တာပဲ။ ဖိုးကျော်နဲ့ ဇေယျက တတွဲ၊ မောင်ကောင်းနဲ့ နောက်တယောက်က တတွဲဆိုပြီး သူတို့အချင်းချင်း စားတော်ကဲ အချိန်ဇယားနဲ့ ချက်ကြတာပါ။ မောင်ကောင်းတို့အတွဲ အလှည့်ကျရင် ဘာမှမထူးခြားပေမယ့် ဖိုးကျော်တို့အတွဲအလှည့်ကျပဟေ့ဆိုရင် ပြဿနာက ဝင်လာပြီ။ ဖိုးကျော်တို့အတွဲထမင်းချက်တဲ့အချိန်မှာ အရိပ်မည်းမည်းတခုက မတ်တပ်ရပ်နေတာကို ဆန်ဆေးနေတဲ့ ဖိုးကျော်က မမြင်ပဲ ဇေယျက အရင်ဆုံးစမြင်ပါတယ်။

ဇေယျက " ဖိုးကျော် ... မင်းနားမှာ ဘာကြီးလဲ " ဆိုပြီးမေးတော့ ဖိုးကျော်ဆေးလက်စ ဆန်တွေထည့်ထားတဲ့ အိုးကိုပစ်ချပြီး ဇေယျနားကို ပြေးလာတော့တာပါပဲ။ ဇေယျခမျာလည်း ကြောက်လန့်ပြီးဖိုးကျော်နဲ့အတူတူ
အော်ဟစ်ပြီး အိပ်နေတဲ့လူတွေကို လိုက်နှိုးတော့တာပဲဗျို့။ ဒီတခေါက်တော့ ကျွန်တော်လည်း နိုးပါတယ်။ သူတို့ကို ဖျောင့်ဖျနှစ်သိမ့်ပြီး ပြန်အိပ်ကြပါတယ်။ မနက်မိုးလင်းတော့ ပထမနှစ်ကောင်လေးတွေက ကျွန်တော်တို့ကို အဆောင်ပြောင်းနေဖို့ လာပြောကြပါလေရော။ ဘယ်လိုမှကို ချော့ပြောလည်းမရ၊ ညှိလို့လည်းမရတော့ဘူး။ သူတို့လေးယောက်မရှိတော့ရင် ကျွန်တော်တို့ လေးယောက်တည်းနဲ့ အိမ်လခပေးရမယ်ဆိုလည်း တွက်ချေမကိုက်တော့တာမို့ သူတို့ကို နည်းအမျိုးမျိုးနဲ့ စည်းရုံးရေးဆင်းပေမယ့် မရရေးချ မရတော့ဘူးဗျာ။ " မင်းတို့ စိတ်ချောက်ချားလို့နေမှာပါကွ " ဆိုပြီး ဘာဘာညာညာတွေကို အကြာကြီးဝိုင်းပြောကြပေမယ့် သူတို့ ပြောလိုက်တဲ့ စကားတခွန်းတည်းကြောင့် ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ စည်းရုံးရေးကို လက်မြှောက်အရှုံးပေးလိုက်ရပါတော့တယ်။ အဲ့ဒါကတော့ ဒီအိမ်မှာရှိတဲ့ ရေစက်က ဘယ်သူမှမဖွင့်ပါပဲနဲ့ သဘောကောင်းလွန်စွာနဲ့ အလိုလိုနေရင်းနဲ့ ခဏခဏ သူ့အလိုလို ပွင့်ပြီးမောင်းနေတတ်တဲ့ အချက်ပါ။

တခါတလေဆိုရင် နေ့ခင်းနေ့လည်ပိုင်းတွေမှာလည်း ရေစက်က အော်တိုငုတ်တုတ် ထလည်ရင် လည်နေတတ်ပါသေးတယ်။ ဘယ်သူတဦးတယောက်မှ မဖွင့်ပဲနဲ့ မီးမပျက်မချင်းလည်နေလိုက်တာများ တခါတုန်းကဆိုရင် ရေတွေ ခြံထဲအထိတောင် ရောက်နေတာကို ကြုံခဲ့ဖူးပါရဲ့။ အဲ့လို ခဏခဏကြုံရလွန်းအားကြီးလို့ ရေစက်ခလုတ်နားမှာတောင် "အိပ်ခါနီးရေစက်ပိတ်ရန်" လို့ စာရေးပြီး ကပ်ထားရတယ်ဗျာ။ ကျွန်တော်တို့အားလုံး သတိထားပြီး ခလုပ်ကိုပိတ်ကြပေမယ့် မနက်မိုးလင်းလာရင် ရေစက်ကို ဖွင့်လျက်သားနဲ့ တွေ့ရတတ်ပါတယ်။ အိမ်မပြောင်းဖို့ ဆွယ်တရားဟောနေတဲ့ ကျွန်တော်တို့ကို ဘာမှဆက်မပြောနိုင်တော့အောင် သူတို့လေးယောက်မေးခွန်းထုတ်လိုက်ပုံကတော့ "အကိုတို့ပြောသလို သရဲမခြောက်ဘူးပဲ ထားပါတော့၊ ဒါဆိုရင် အကိုတို့ ရေစက်ကြီးအလိုလို ပွင့်မလာစေရဘူးလို့ အာမခံနိုင်မလား..?? အစ်ကိုတို့ အဲ့ဒီတချက်ကို အာမခံနိုင်မယ်ဆိုရင် ကျွန်တော်တို့လေးယောက် ဒီအိမ်မှာ အကိုတို့နဲ့အတူတူဆက်နေမယ်" တဲ့။ အဲ့ဒီတော့မှ ခက်ကုန်တော့တာ။ ညှိနှိုင်းလို့ ဘယ်နည်းမှမရတော့တဲ့ အဆုံးမှာတော့ သူတို့လေးယောက်လည်း ကျွန်တော်တို့အိမ်ကနေ တခြားအဆောင်တခုကို ပြောင်းသွားကြပါတော့တယ်။

သူတို့ပြောင်းသွားပြီးနောက်မှာတော့ ကျန်ရစ်သူကျွန်တော်တို့လေးယောက်အလှည့်ကို ရောက်လာပါလေရောဗျို့။ တနေ့တော့ ကျွန်တော်နဲ့ ကျွန်တော်သူ့ငယ်ချင်းတယောက် ညဆယ့်တစ်နာရီထိုးလောက်မှ အဆောင်ကို ပြန်လာကြတယ်။
ကျန်တဲ့နှစ်ယောက်ကတော့ ပြန်မရောက်သေးပဲ ဘယ်အဆောင်ရှေ့မှာသွားပြီး မူးမူးနဲ့ ဂစ်တာတီးနေကြတယ်မသိဘူး။ ကျွန်တော်တို့နှစ်ယောက် ခြံရှေ့ရောက်လို့ ခြံတံခါးသော့ကိုဖွင့်နေတုန်းမှာ အိမ်နောက်ကို လူရိပ်နှစ်ခုပြေးဝင်သွားတာကို ကျွန်တော်ရော၊ ကျွန်တော်နဲ့အတူတူပြန်လာတဲ့သူငယ်ချင်းပါ မြင်လိုက်ကြရတယ်။ ဘာများပါလိမ့်ဆိုပြီး အထိတ်တလန့်နဲ့ ကျွန်တော်တို့ဆိုင်ကယ်တွေတောင် ခြံထဲမသွင်းပဲ ချက်ချင်းကို အဲ့ဒီအရိပ်နှစ်ခုပြေးဝင်သွားရာနောက်ကို အတင်းပြေးလိုက်သွားကြရော။ ခဏခဏရန်ဖြစ်တတ်လွန်းတဲ့ ကျွန်တော်တို့လေးယောက်မှာ ဘေးကင်းရန်ကာအနေနဲ့ သံတုတ်တွေကို လက်လှမ်းမီရာနေရာမှာ ထားတတ်တဲ့ အကျင့်ကရှိနေတော့ ထားနေကျနေရာက သံတုတ်တွေကပျာကယာဆွဲပြီး လိုက်သွားကြတာ အိမ်နောက်ကိုရောက်တော့ ဘာအရိပ်အယောင်မှ မတွေ့ရဘူး။

ကျွန်တော်တို့ခြံဝင်းထဲမှာက မှောင်ရိပ်ခိုပြီး ပုန်းစရာ၊ ခိုစရာနေရာလည်း သိပ်မရှိပဲနဲ့ ခုလိုဖြစ်တော့ နည်းနည်းတော့ မထူးဆန်းပေဘူးလားဗျာ။ ဒါနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကို တယောက်ကြည့်ပြီး ခြံဝကိုပြန်ထွက်၊ ဆိုင်ကယ်တွေလည်း ခြံထဲကို မသွင်းတော့ပဲ အပြင်ကို ပြန်ထွက်လာခဲ့ကြပါတော့တယ်။ မှန်ရာကို မရှက်စတမ်းဝန်ခံရရင်တော့ ကြောက်လို့ပါ။ အဲ့ဒီညက ကျွန်တော်တို့နှစ်ယောက် သူများအဆောင်မှာပဲ သွားအိပ်လိုက်ကြပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အိမ်ကိုပြန်လာပြီး အိပ်ကြပေမယ့် သူတို့နှစ်ယောက်ကတော့ ဘာမှ မဖြစ်လိုက်ကြပါဘူး။

နောက်ပိုင်းမှာလည်း အဲ့လိုပဲ ဟိုနားသည်နားကနေ အရိပ်အယောင်ပြတာမျိုး၊ အသံဗလံပေးတာမျိုးနဲ့ ခြောက်တာလှန့်တာကို ခံရပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား အရမ်းကြီး ကြောက်လန့်ရလောက်အောင်တော့ မကြုံခဲ့ရပါဘူး။ စာသင်နှစ်ဝက်လေးလပြီးချိန်မှာတော့ လေးယောက်တည်းနဲ့ အဲ့ဒီအိမ်ငှားခကို ပေးနေရတာ ဘဏ္ဍာရေးအကြပ်အတည်းဖြစ်လာတာကတကြောင်း၊ အုပ်ထိန်းမယ့်သူမရှိတဲ့ ကျွန်တော်တို့တတွေ မကြာမကြာ ရန်ပွဲတွေနွှဲရတာများလာတာကလည်း တကြောင်း၊ အိမ်လုံးချင်းငှားနေတဲ့ ကျွန်တော်တို့ဆီကို သူငယ်ချင်းတွေ အကြောင်းအရာမျိုးစုံနဲ့ လာလာပြီးနှိပ်စက်တဲ့ ဒဏ်ကိုမခံနိုင်ကြတော့တာလည်းတကြောင်း အဲ့လိုအကြောင်းသုံးပါးကြောင့် နောက်နှစ်ဝက်မှာ အိမ်ပြန်အပ်မယ်လို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြပါတော့တယ်။
ကျွန်တော်တို့လေးယောက်သား အိမ်ပြန်အပ်ဖို့ စီစဉ်နေတုန်းမှာ ကံဆိုးချင်တဲ့ မောင်ရှင်တအုပ်စုပေါ်လာပါရော။ ကျွန်တော်တို့နဲ့မေဂျာတူသူငယ်ချင်းတယောက်က အဆောင်လုံးချင်းငှားနေချင်လို့ ရှိရင်လက်တို့စမ်းပါလို့ ပြောထားတာကို သွားသတိရတော့ ကျွန်တော့်တို့လည်းသူ့ကို ကျွန်တော်တို့နေနေတဲ့အိမ်ကို ဆက်ငှားချင် ငှားလို့ ပြောလိုက်တယ်။ အိမ်နဲ့ပတ်သက်ပြီးတော့ အခြောက်အလှန့်ရှိတယ်ဆိုတာကိုလည်း ကြိုကြိုတင်တင်ပြောဖြစ်လိုက်ပါသေး။ သူကလည်း ကိစ္စမရှိဘူး ရတယ်ဆိုပြီးတော့ နောက်နှစ်ဝက်မှာ အဲ့ဒီအိမ်ကို သူဆက်ငှားလိုက်ပါတယ်။

ပထမတစ်လမှာတော့ အေးအေးဆေးဆေးပါပဲ။နောက်ပိုင်းတော့ သူတို့လူစုထဲက တယောက်ကို ခြောက်တယ်လို့ ကြားရပါတယ်။

ဘယ်လိုဘယ်ပုံခြောက်တယ်ဆိုတာတော့ ကျွန်တော်လည်း အသေအချာမသိပါ။ သရဲခြောက်ခံရတယ်ဆိုတဲ့ကောင်ပြောတာကိုလည်း ကျန်တဲ့လူတွေက သိပ်ပြီးအရေးလုပ်ပုံမရပါဘူး။ ကျွန်တော်တို့နေတုန်းကထက် သူတို့က အင်အားတောင့်တော့လည်း သိပ်မကြောက်ကြတာလည်း ဖြစ်မှာပေါ့လေ။ တညမှာတော့ သူတို့တွေထဲက နှစ်ယောက်က အဲ့ဒီအိမ်ရဲ့ဧည့်ခန်းမှာ အရက်ထိုင်သောက်နေကြတယ်။ နောက်တယောက်ကတော့ အိပ်ခန်းထဲမှာ စာအုပ်ဖတ်နေတယ်တဲ့။ သောက်ရင်းနဲ့ ည (၁၀) နာရီကျော်လောက်ရောက်လာတော့ အရှိန်လေးကလည်း ကောင်းလာရောဆိုပါတော့။ အဲ့ဒီမှာ အရက်သောက်နေရင်းနဲ့ ပေါက်တတ်ကရတွေလျှောက်ပြောမိလာကြတော့တာပဲ။

" ဒီအဆောင်က သရဲခြောက်တယ်ပြောတယ်၊ တို့ကိုကြတော့ ဘာမှလည်း မခြောက်ဘူး။ ရှိရင်ထွက်ခဲ့ အရိုးကျွေးမယ်" ဆိုပြီးတော့ သူတို့စားပြီးသား ကြက်ရိုးကို အိမ်ပေါက်ဝဘက်ကို လှမ်းပစ်လိုက်တယ်တဲ့ ခင်ဗျ။ သူတို့စကားဆက်ပြောနေကြတုန်းမှာပဲ ခဏလောက်နေတော့ ထမီရင်လျားနဲ့ အမျိုးသမီးတယောက် သူတို့အိမ်ပေါက်ဝမှာ သူတို့ကို ကျောခိုင်းပြီး မတ်တပ်ရပ်ပြပါတယ်။ သူတို့ စိတ်ထဲဇဝေဇဝေနဲ့ အရက်မူးနေလို့ ထင်ရောင်ထင်မှားဖြစ်လေသလားဆိုတဲ့အတွေးနဲ့ နောက်တကြိမ်သေချာအောင် ထပ်စမ်းမယ်ဆိုပြီးတော့ ထပ်ပြောလိုက်ပါတယ် " ခုတစ်ခါ အသားပါကျွေးမယ်လာခဲ့" ဆိုပြီးတော့ ဖိတ်ခေါ်လိုက်တော့ ဘာပြောကောင်းမလဲလေ။ တကယ်လာပါတယ်။ အဟုတ်လာပါတယ်။ ခုတစ်ခါတော့ နောက်ဖေးအပေါက်ဝမှာ တော်တော်ကြာအောင် မတ်တပ်ရပ်ပြ နေတာပါ။

ဟိုနှစ်ယောက်လဲ ကြောက်ပြီး အခန်းထဲက တစ်ယောက်ကို အော်ပြောပြီး ပြေးကြပါတယ်။ အခန်းထဲက တစ်ယောက်က အခန်းပြင်ထွက်လာပြီး အပေါက်ဝက မိန်းမကိုထပ်မြင်ပြီး ထပ်ပြေးရပါတယ်။ သူတို့ အဆောင်တူ သူငယ်ခြင်းတွေ ရှိတဲ့ လ္ဘက်ရည်ဆိုင်ထိ ထွက်ပြေးကြပါတယ်။ အဲဒီအဖြစ်အပျက်ကို ပြန်ပြောပြပြီး အဆောင်သား ၁၀ယောက်ကျော်ဟာ အဲဒီည အဆောင်ပြန်မအိပ်ရဲပဲ လ္ဘက်ရည်ဆိုင်မှာပဲ အိပ်လိုက်ကြပါတယ်။ မနက်ကျတော့ သူတို့အဆောင်သစ်လိုက်ရှာပါတော့တယ်။ ခုထိဘယ်သူမှအဲဒီအဆောင်ကို မငှားတော့ဘူးလို့ကြားပါတယ်။

မယုံလို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ကြုံပြီး ဇာတ်လမ်းသစ်တွေ ပေးချင်ရင်ပဲဖြစ်ဖြစ် အဲ့ဒီအိမ်ကလေးကို ငှားနေချင်ကြရင်ဖြင့် ဒီဇာတ်လမ်းလေးပြန်ပြောပြတဲ့ ကို Wai Phyoe ကိုအိမ်လိပ်စာ မေးပြီး နေကြည့်ကြဖို့တော့ ချွန်တွန်းလုပ်ပါရစေ။

ဒါမှလည်း နောက်ထပ် နောက်ထပ် ဇာတ်လမ်းဖြစ်ရပ်မှန်တွေ မပြတ်တမ်းရမှာပေါ့ ဟုတ်ဖူးလား။ ခုတော့ တော်ကြဦးစို့ရဲ့။

ဇာတ်လမ်းပြောပြပေးတဲ့ ကို Wai Phyoကိုစဉ်လာမပျက် ကျေးဇူးတင်လျက်
အိမ်လည်းငှားမနေ၊ ကြက်ကြော်လည်း မဝေမျှတော့သူ
(အက်ဒမင်-ရွာတော်ရှင်)
By သရဲအကြောင်းပြောကြမယ်

မိန်းမယူပြီးမှ ချီးစားစုန်း မှန်းသိ၍ ပြန်ကွာရှင်းခဲ့ရသူ


လွန်ခဲ့သော နှစ် ၅၀ ခန့်  (ခန့် မှန်းခြေသာ ) .. မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီ တိုင်း ၊ (အင်းရဲ ကြီး - အင်းရဲလေး ) ကြားရှိရွာလေး တစ်ခုဖြစ်ပြီး ငါးများပေါများစွာ ထွက်ရှိရာ ရွာလေးဖြစ်ပါသည်…
ထို ရွာတွင် တောင်ယာ စိုက်ပျိုးလုပ်ကိုင်သူများလည်း ရှိပါသည်.. ထိုရွာတွင် ကိုဖိုးမောင်တို့  ဇနီးမောင်နှံ ကို တော့ ၄င်းတို့ ရွာ၏ စံပြဇနီး မောင်နှံဟု ပြောစမှတ်ပြုကြပါသည်…

အဘယ့်ကြောင်းနည်းဟု ဆိုသော် သူတို့ ဇနီးမောင်နှံသည် “မောင်တစ်ထမ်း မယ်တစ်ရွက် ”ဟုသော စကားပုံနှင့်အညီတဦးကိုတစ်ဦးချစ်ခင်ပြီးအလုပ်ကိုကြိုးစားပမ်းစားလုပ်ကိုင်ကြသောကြောင့်ဖြစ်သည်..။
ကိုဖိုးမောင်မှာ တောင်ယာများစိုက်ပျိုးထွန်ယက်ပြီးချိန် တွင် အင်းရဲကြီးသို့ သွားပြီး .. ဖိုးစံမှတ် ဟု နာမည်ကြီးသော အင်းတွင် သွားရောက် အလုပ်လုပ်ကိုင်ပါသည် … (ဖိုးစံမှတ် ( တစ္ဆေများအား ငါးဖမ်းခိုင်းသူ ) အကြောင်းကို အလျင်းသင့်လျင်ဖော်ပြပေးသွားပါမည် .. ။ ) ဆက်ကြရအောင် … ကိုဖိုးမောင်သည် လယ်ယာရိတ်သိမ်းချိန်တွင်ရွာ ကို ပြန်လည်၍ ရောက်ရှိလာပြီး လယ်ရိတ်သိမ်းပါသည် ..။
ထိုသို့ ကိုဖိုးမောင် အင်းရဲကြီးသို့ သွားချိန်တွင် သူ၏ ဇနီးမှာ ဘေးအိမ်ရှိ အပျိုကြီး တို့ ညီအစ်မတို့ အိမ်တွင် ယက်ကန်း ခက်သော အလုပ်ကို လုပ်ကိုင်ပါသည်.. ။ 

ထိုကဲ့သို့  နေထိုင်လာခဲ့သည်မှာ လက်ထပ်ပြီး ၃ နှစ်ကြာသည် အထိ ရှိပြီဖြစ်သည်…။
ကိုဖိုးမောင်နှင့် ကျနော် ခင်မင်သည်မှာ လည်း ၂ နှစ်ခန့် ရှိပြီ ဖြစ်ပြီး အင်းတွင် အလုပ်လာရောက်လုပ်ကိုင်ရင်း ညီအကို သမျှ ခင်မင်ရင်းနှီးမိခြင်းဖြစ်သည် … ကျနော် က တော့ အင်းရဲလေးဘက်မှာနေထိုင်တာပါ …
လယ်ယာရိတ်သိမ်း ချိန် သို့ ရောက်ရှိလာချိန် တွင် ကို ဖိုးမောင် သည် ရွာပြန်ဖို့ အကြောင်းဖန်လာခဲ့ ပါပြီ… ကျနော် ကတော့ လူပျို လူလွတ်မို့  ရွာ မပြန်ဘဲ ကိုဖိုးမောင်တို့ ရွာကို အလည်လိုက်ခဲ့ပါသည် …
ထိုရွာကလေးသည် အတော်ကို သာယာပါသည် .. ရွာထိပ်တွင် လူငါးယောက်ဖက်စာလောက်ရှိသော ပညောင်ပင်ကြီး တစ်ပင်ရှိပြီး နွယ်ပင်ကဲ့သို့ သော အမျှင်များ ထူထပ်စွာ ကျရောက်နေပါသည် …
ကိုဖိုးမောင်၏ဇနီးနာမည်မှာ မယ်မှုံဖြစ်ပြီး ရုပ်ရည် မှာ ရွက်ကြမ်းရေကျို ရုပ်ရည်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တည်ဆောက်ပုံကတော့ အချိုးကျလှပါသည် ..။

ကိုဖိုးမောင်တို့ ရွာကိုရောက်ပြီး ၂ ရက်ခန့် အကြာ ထိုနေ့ ကလပြည့်ည.. အိုက်စပ်စပ်နှင့်ခြင်များ ကလည်း ကိုက်လှသည်… အချိန်ကတော့ သန်းခေါင်ကျော်ကျော် မိုးမလင်း တလင်းလောက်ရှိပြီထင်… အင်း အိမ်ရှေ့ ကွက်ပျစ်လေးတွင် သွားရောက်ထိုင်ပြီး ဆေးလိပ်ဖွာရန် နောက်ဖေး မီးချောင်သို့ မီးခြစ်သွားအယူ… ကိုဖိုးမောင်တို့ အိပ်ခန်းကို အမှတ်တမဲ့ကြည့်လိုက်မိသည် ..
အား……လာ..လားးးးးးးးးးး ကိုဖိုးမောင်သည်.. ခေါင်းမရှိ ခန္ဓာ ကိုယ်ကြီးကို ဖတ်ပြီး အိပ်နေပါလား….. ကျနော့် ခေါင်းရှိ ဆံပင်မွှေးများ ထောင်သွားပြီး ကြက်သီးများဖျဉ်း ခနဲ ထသွားပါသည် ….
ကျနော့ အတွက် တော်တော့်ကိုတုန်လှုပ်နေပါသည် .. ဒီရွာမှ ထွက်ပြေးလျှင်ကောင်းမလား…. အင်း… လမ်းမှာ ခေါင်းပြတ်နေတဲ့ “ ချီးစားစုန်းမ နဲ့ တွေ့ ရင် ” မဖြစ်သေးပါဘူး ကိုဖိုးမောင် ကို နှိုးမှ ဖြစ်မယ် …
“ကိုဖိုးမောင်…ဟေ့လူ ထထ … ခင်ဗျား မိန်းမကို ကြည့်ပါဦး …. ” ကိုဖိုးမောင် လန့် သွာပြီး ထပြေးပါသည် …ပြီးတော့ ကျနော့် ကိုဘယ်လိုလုပ်ကြမလဲ ဟုမေးသည် … ထိုမိန်းမ၏ခေါင်းမှာ ပြတ်သွားသလိုမျိုး တုံးတိကြီးဖြစ်ပြီး…သွေးတော့မှမရှိပေ..

ကျနော် စဉ်းစားမိတာ တခုရှိပြီ… ကျနော် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး တရော်ကင်ပွန်း ခေါင်းလျှော်ရည် စိမ်ထားသော ဇလုံကြီး ကို ၄င်း မိန်းမ အနားသို့ ယူလာပြီး တရော်ကင်ပွန်းများ သုတ်လိမ်းလိုက်ပါသည် ..
ထိုအချိန်တွင် စူးဝါးစွာအော်သံကို အိမ်အနောက်ဖက် မန်ကျည်းပင်အောက်မှကြားလိုက်ရပြီး .. ကျနော် ဆင်းကြည့်လိုက်တော့ … မီးလုံးကြီးတစ်လုံး လေပေါ်မှာ ပျံလာတာကိုတွေ့ လိုက်ရတယ် … ကျနော်လည်း ကြောက်ပြီး အိမ်ပေါ်ကိုတက်ပြေးပြီး ကိုဖိုးမောင်ကို ပြောပြပါတယ် … ထိုမီးလုံးကြီးမှာ … အိမ်ထဲသို့ မဝင်ဘဲ အိမ်တံခါးဝမှာ တဝဲလည်လည် လုပ်နေပါတယ်…. ကျနော်နှင့်ကို ဖိုးမောင် အတင်းပြေးဆင်းပြီး အော်ပါတော့သည် …. ထိုအချိန်တွင် ဘေးအိမ်မှလူများ နိုးလားကြပြီးကြည့်ကြပါတော့သည်…
ချီးစားစုန်းမ မှာ ၄င်း၏ ခန္ဓာကိုယ် တွင် တရော်ကင်ပွန်းများ သုတ်လိမ်းထား၍ တပ်မရဘဲဖြစ်နေပါသည်… အိမ်ရှေ့  နှင့် အိမ်ပြင် တွင် ၄င်းမီးဝင်းဝင်းတောက်နေသော ခေါင်းပြတ်ကြီးမှာ ဝင်လိုက်ထွက်လိုက်နှင့်ရှိနေပါသည် ..။

မိုးလည်းလင်းတော့မည် …. ဘေးမှသူများက ဂရုဏာ သက်ဝင်လာပြီး ထိုသုတ်လိမ်းထားသော တရော်ကင်ပွန်း များ ကို သုတ်ပေးရန်ပြောလာကြပါသည် … ထိုရွာသားများထဲမှ သတ္တိ ခပ်ကောင်းကောင်း ယောကျာင်္း ၃ယောက်ခန့်  က ထို စုန်းမ ကို မောင်းထုတ်ပြီးအိမ်ပေါ်သို့  တက်ရောက်ကာသုတ်လိမ်းထားသော တရော်ကင်ပွန်း များကို အဝတ်တခုဖြင့် ဖယ်ရှားပေးလိုက်ပါသည် ..
ထိုအခါ ကျမှ ၄င်းစုန်းမသည် … သူက ခန္ဓာကိုယ်တွင် ပြန်လည်တပ်ဆင်၍ ရသွားပါသည် ..
ကိုဖိုးမောင်လည်း ထိုမိန်းမကို ဆက်မပေါင်းဝံ့တော့ဘဲ…ကျနော်တို့ ရွာကို အပြီးလိုက်လာပါတော့သည် ..
နောက်ပိုင်းကြားရသော သတင်းများအရ ထိုရွာမှ သူများက သူတို့ ၏ ကလေးများကြောက်လန့်မည် စိုးသောကြောင့် ရွာ အပြင်သို့ မောင်းထုတ်လိုက်ကြောင်း ကြားသိရပါသည် …။
ထိုဖြစ်ရပ်သည် အဖွား ၁၆ နှစ်သမီး အရွယ်တွင် အဘိုး(အဖွား၏အဖေ) ပြောပြခဲ့ဖုးသော သူတွေ့ ကြုံခဲ့ ဖူးသော ချီးစားစုန်း မ တစ်ယောက် အကြောင်းဖြစ်ပါသည် ..။ ယခုအဘွားသည်အသက် (၇၀) ဝန်းကျင်ခန့် ရှိနေပါပီ … ။

Zuu
By ထူးဆန်းသောဖြစ်ရပ်များ ကို လေ့လာသူများ

ဆေးရုံပေါ်မှာ သွေးပျက်ခဲ့ရတဲ့ လူနာစောင့်တစ်ယောက်ရဲ့ ခြောက်ခြားဖွယ်ညတစ်ည(ကြောက်တတ်လျှင် မဖတ်ဖို့ မေတ္တာရပ်ခံပါသည်)



ကျွန်တော်ကြားဖူးတဲ့သရဲအကြောင်းလေး ပြောပြချင်ပါတယ် ကျွန်တော့်အိမ်ဘေးက ဦလေးကြီးတစ်ယောက်ပြောပြတာပါ သူကဆေးရုံ စောင့်လေ ညဘက်စောင့်ရတာပေါ့ တစ်ညမှာပေါ့ အသည်းအသန်ဖြစ်နေတဲ့လူနာတစ်ယောက်ကိုစောင့်ပေးနေတဲ့ချိန် ည 12နာရီလောက်မှာ လူနာက အမောဖောက်လာတယ် အဲ့မှာသူကညတာဝန်ကျတဲ့ဆရာဝန်ပြေ့းခေါ်ဖို့ကြံနေတုန်းမှာ အခန်းထဲကိုဆရာဝန် တစ်ယောက်ဝင်လာတယ် အော်သူက အဲ့ဆေးရုံ စောင့်လုပ်တာရက်ပိုင်းပဲရှိ့သေးတော့ ဆရာဝန်တွေ ဆရာမတွေ ကိုအကုန်မသိသေးဘူး နောက်ပြီး ဆေးရုံ အဆောင်တွေ ဘယ်လိုရှိ့တယ် ဘယ်နှစ်ခန်းရှိ့တယ်ဆိုတာ သိပ်မသိသေးဘူးပေါ့ အဲ့မှာဆရာဝန်ရောက်လာတော့သူက ပြောမယ်ကြံတုန်းရှိ့သေးတယ် ဆရာဝန်က လူနာကို လက်ညှိုးထိုးပြီးသူကိုလူနာတင်လှည်းပေါ်တင်ပြီး ငါနောက်လိုက်ခဲ့လို့ပြောတယ်

သူကလည်း အော်ဆရာဝန်လူနာအမောဖောက်တာသိပြီ့း သူ့ကို ကုသဖို့လာခေါါ်တာပဲဆိုပြီးလူနာကိုလည်ပေါ် တစ်ယောက်ထဲး ချီတင်ပြီးတဆရာဝန်နောက်လိုက်သွားတာပေါ့ အဲ့လိုနောက်ဆရာဝန်ရှေ့ကသွားရာနောက်ကို နောက်ကလိုက်ပြီးကောရစ်တာ တစ်လျှောက်တွန်းလာတာအဲ့မှာထွန်းထားတဲ့ မီးသီးတွေကလည်း မိန်မိန်လေးတွေ ဖြစ်နေတော့ အရာအားလုံးကိုသိပ်ထင်ထင်ရှားရှားမမြင်ရဘူး ရှေ့ကသွားနေတဲ့ဆရာဝန်ကလည်း မြန်မြန်ကြီးလျှောက်သွားတော့ ခပ်လှမ်းလှမ်းလောက်မှာမီးကလည်း မှိန်နေတော့ သိပ်ထင်ထင်ရှားရှားမတွေ့ရဘူး အဲ့လိုတွန်းလိုက်ရင်းနဲ့ ရှေ့ကဆရာဝန်က တစ်ဘက်ကိုချိုးကွေ့သွားတာ ခပ်ရေးရေးလှမ်းမြင်လိုက်ရတယ် လူနာကလည်း အရမ်းကို အမောဖောက်လာပြီးအခြေနေဆိုးလာတယ်

အဲ့တော့သူလည်းလူနာကိုစိတ်ပူပြီးခပ်မြန်မြန်တွန်းပြီးခုနကဆရာဝန်ချိုးဝင်သွားတဲ့နေရာရောက်တော့
သူလည်းလိုက်ချိုးကွေ့ဝင်မယ်လုပ်တော့ အဲ့နေရာက နံရံကြီးဖြစ်နေတယ်အဲ့မှာသူလည်း ကြက်သီးတွေ ခေါင်းနပန်းတွေကြီးလာပြီးသူပဲမျက်စိမှားလားဆိုပြီးပက်ဝန်းကျင်ကိုသေချာစူးစမ်းကြည့်တော့
ရှေ့မှာလည်း လမ်းဆုံးပြီးနံ၇ံကြီးပဲရှိ့တော့တယ် ဘေးဘက်ကြည့်တော့လည်း ဘာ လမ်း ဘာအခန်းမှ မ၇ှိ့ပဲနံရံတွေ ပဲရှိ့တယ် အဲ့မှာလူနာကိုကြည့်လိုက်တော့ လူနာကငြိမ်သွားပြီ သူလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပဲ ကြောက်ကြောက်နဲ့ လှည်းကိုလာလမ်းအတိုင်းအမြန်တွန်ြးေ့ပးတာ အနောက်က နေ အသံသြကြီးနဲ့ရီသံကြီးကိုကြားလိုက်တယ်

သူလည်းအရမ်းကြောက်ပြီး လှည်းကို တွန်းပြေးတာ သူ့အခန်းကို ဘယ်လိုပြန်ရောက်လို့ရောက်မှန်းမသိဘူးတဲ့ အခန်းပြန်ရောက်တော့လူနာကိုထားခဲ့ပြီး တာဝန်ကျဆရာဝန်တွေရှိ့တဲ့နားနေခန်းကိုပြေးပြီး ဆရာဝန်တွေကိုအကျိုးကြောင်းပြော့ပြပြီးဆရာဝန်တွေ လိုက်လာပြီးလူနာကိုစမ်းသက်ကြည့်တော့ လူနာကအသက်မရှိ့တော့ဘူး ဆရာဝန်တွေက ဘယ်လိုဖြစ်တာလည်း ဆိုပြီးအကျိုးကြောင်းမေးတော့ သူကဖြစ်ပျက်သမျှကို ပြန်ပြောပြတာပေါ့ လူနာအမောဖောက်နေတဲ့အချိန်ဆရာဝန်တစ်ယောက်ဝင်လာပြီးလူနာကို သူ့နောက်ခေါ်ခဲ့ဖို့ပြောတော့သူလိုက်သွားတဲ့အကြောင်းပြီးတော့ဘယ်လိုဘယ်လိုဖြစ်ခဲ့တယ်ပေါ့ အဲ့မှာဆရာဝန်တွေကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခင်ဗျားကိုလာခေါ်တဲ့ဆရာဝန်က ဒီည ဂျူတီကျတဲ့ ဆရာဝန်တွေထဲးကတစ်ယောက်မှမဟုတ်ကြောင်းနောက်ပြီးအကုန်လုံး နားနေခန်းထည်းမှာပဲရှိ့နေပြီးတစ်ယောက်မှ အပြင်မထွက်ကြောင်း နောက်ပြီးခင်းဗျားကို လာခေါ်တဲ့ဆရာဝန်က လူမဟုတ်ကြောင်း ဟိုးအရင်ကထည်းက ဒီအဆောင်မှာ စွဲနေတဲ့သူရဲဆရာဝန်တစ်ယောက်ရှိ့ကြောင်း ညဂျူတီကျတဲ့ဆရာဝန်တွေနက်စ်မတွေ သန့်ရှင်းရေးအလုပ်သမားတွေ အားလုံးနီးပါး ခြောက်လန့်ခံရဖူးကြောင်း ညည ဆို ဂျူတီကုတ်အဖြူရောင်ကြီးနဲ့ အဆောင် နားတစ်ဝိုက် လျှောက်သွားနေတာ ခဏခဏတွေ့ရကြောင်း ပြောပြတယ် ဒီအဆောင်မှာ လာတက်တဲ့လူနာတွေကြောက်လန့်မှာဆိုးလို့ ဆရာဝန်တွေ နက်စ်မတွေအားလုံးက သတင်းမပေါက်ကြားအောင် ဖုံးဖိထားကြောင်း အဲ့ကြမှ ပြောကြတယ်

အဲ့ဦးလေးလည်းဖျားသွားတယ် နောက်တော့အဲ့မှာဆက်မလုပ်ရဲးတော့ပဲ ထွက်လာခဲ့တယ်ဆိုပဲအဲ့သူရဲဆရာဝန်ဘာကြောင့်သေပြီးအဲ့အဆောင်မှာ ဘာကြောင့်စွဲနေပြီးခြောက်လန့်နေကြောင်းကိုတော့ သူလည်းဆက်မစုံစမ်းတော့ဘူး ဒါကျွန်တော့် အိမ်ဘေးက ဦးလေးတစ်ယောက်ပြောပြတဲ့ သူ့ရဲ့ကိုယ်တွေ့ အကြောင်းပါ ...။

ဇာတ်လမ်းပြောပြသူ -ကို Tom Jerry
Credit to - သူကြီး

လူစားလွန်း၍ ခွေးကို လူအစားကျွေးလိုက်ရတဲ့ ထိတ်လန့်ဖွယ် လူစားတဲ့ ဘီလူးမတံတား (ဖြစ်ရပ်မှန်)




ရခိုင်ပြည်နယ်၊စစ်တွေမြို့က "ဘီးလူးမတံတား"အကြောင်းလေးပါ.။ 

ဘီလူးမတံတားဆိုတာက တံတားအတိုလေးပါ ပဲ..။
ဒါပဲမဲ့ ဘီးလူးမတံတားဆိုတဲနာမည်အတိုင်း လူစားပါတယ်..။
တစ်နှစ်မှာလူနှစ်ယောက်ကအနည်းဆုံးကားတိုက်ပြီးသေကြတယ်။တံတားက ၄လမ်းသွားပါ။ဒါပဲမဲ့ ရန်ကုန်လိုအသွားတစ်ဖက်၊အပြန်တစ်ဖက်မဟုတ်ဘူး..၊

ကြိုက်သလိုသွားလိုရတယ် မခွဲထားဘူးပေါ့။ကားတိုက်မှုဖြစ်တော့မယ်ဆိုရင် ညရောက်ရင်
တံတားဖက်ကအသံနက်ကြီး နဲ့

"ဟေး.....ဟေး..... "

ဆိုပြီးဝမ်းသာသံလိုတစ်ခါ တစ်ခါ...

"ဟီးးးးးးးးးးးး.......အီးးးးးးးးးးးးး...အားးးးး"

ဆိုပြီးညည်းသံလိုလို တစ်မျိုး အော်သံတွေကြားရတယ်။
တံတားဖက်ကအော်သံတွေကြားရရင် မကြာဘူး လူသေတာပဲ။

ကားတိုက်မှု့တစ်ခုဖြစ်တော့ အထူးအဆန်းကြုံတွေ့လိုက်ရတဲ့ ကားမောင်းသမားက ပြောပြတယ်...။
သူကားရှေ့မှအရမ်းလှ၊ ဆံပင်အရှည်နဲ့ အစိမ်းရောင်အ၀တ်ဝတ်ထားတဲ
ကောင်မလေးတစ်ယောက်ရပ်နေလို့ သူရှောင်လိုက်တာ
ပလမ်ဖောင်းပေါ်ကလမ်းလျှောက်နေတဲ့လူကိုကားတိုက်မိသွားတယ်တဲ့...။ အဲ့ ကောင်မလေးကို
မတိုက်ချင် လို့ ရှောင် ရင်း မှောက်သွားတာပါတဲ့...။

ကားတိုက်ခံရရင်လည်း သေတဲ့လူများတယ်၊ရှင်တဲ့လူမရှိသလောက်ပဲ။
ခဏခဏအဲသလိုဖြစ်နေတော့ ရပ်ကွက်ကစုပြီး (၇)
ရက်ပတ်လုံးလုံး တရားနား၊ပရိတ်ရွတ်တယ်။
ပြီးတော့ ဘုန်ကြီးတွေအလှည်ကျနေ့နေ့ညည တံတားပေါ်
လမ်းလျှောက်ပြီးပရိတ်ရွတ်ကြတယ်။

နောက်ပြီး အရပ်ထဲက သက်ကြီးဝါကြီးတွေရဲ့ စကားအရ လူမစားစေချင်ရင် ခွေးအစားပေးရတယ် ဆိုလို့..
ခွေးတစ်ကောင်ကို လည်လှီးပြီး တံတားအောက်ကို သွေးစက်ချပေးကြပါတယ်..။

'' တကယ်လိုနင်စားချင်ရင် ခွေးပဲစားတော့''

ပြောထားလိုက်ကြ ပါတယ်။အဲဒီနေ့ကစပြီးအော်သံလည်းမကြားရဘူး၊

လူတွေလည်းမသေတော့ဘူး။........တစ်ခါတစ်လည်းမှ ခွေးတွေတံတားနားမှာ သွားသွားပြီးသေကြ
ပါတော့တယ်။..................

ဇာတ်လမ်းရေးသားပေးပို့သူ မ cho lay (စစ်တွေမြို့) ကို
ကျွန်တော်တို့ Admin များမှ အထူးကျေးဇူးတင်ရှိပါသည်....ခင်ဗျာ

ဇာတ်လမ်းရေးသားပေးပို့သူ မ cho lay (စစ်တွေမြို့)

Post by:မောင်မိုးတိမ် (ကြည့်ကောင်းအောင် ပြန်လည်စာစီရေးသားပါသည်..)

သရဲ တစ္ဆေ နတ် အကြောင်း





http://fc01.deviantart.net/fs71/f/2012/335/3/5/ghost_council_of_orzhova_by_velinov-d5moyq4.jpg
 
            -သရဲ တစ္ဆေတွေ နဲ့ နတ်တွေ အကြောင်းနည်းနည်းပြောကြည့်မယ်။ သရဲ၊ သဘက် တို့ဆိုတာ အပါယ်လေးဘုံသားထဲက ဒုက္ခရောက်နေတဲ့သူတွေ။ သူတို့ကို ပေတလို့ခေါ်တယ်။ မြန်မာအခေါ် ပြိတ္တာပေါ့။ အဲ့ဒီသူတွေမှာ အစားစားရှိကြတယ်။ ပုံသဏ္ဍာန်အမျိုးမျိုးရှိကြတယ်။ အများအားဖြင့် အကုသိုလ်ကံကြောင့် ဆင်းရဲနေရသူတွေပေါ့။ သူတို့ထဲက တစ်ချို့မှာ မွေးရာပါ ကမ္မဇိဒ္ဓိလို့ခေါ်တဲ့ ကံအားလျော်စွာဖြစ်တဲ့ တန်ခိုးလေးတွေရှိတတ်တယ်။ တစ်ချို့ကကောင်းကင်ပျံနိုင်တယ်ပေါ့။ ဒါပေမယ့် များများစားစားမဟုတ်လှဘူး။ ဒီလိုပေတ တွေကို ခေါ်ပြီး တစ်ခါတစ်လေ အောက်လမ်းမှော်နည်းတွေသုံးပြီး မျက်လှည့်ပြတတ်တာတွေရှိတတ်တယ်တဲ့။

             -နောက် ဝတ်ဖြူစင်ကြယ်တို့ဘာတို့နဲ့အိပ်မက်လာပေးတတ်တဲ့သူတွေရှိတတ်တယ်။ ဘိုးတော်မဟုတ်တဲ့ သူတွေ နတ်တွေ ဆိုရင် အဲ့ဒါ ဘုမ္မစိုးတွေ၊ ရုက္ခစိုးတွေ။ ရုက္ခစိုးဆိုတာ သစ်ပင်စောင့်နတ်၊ ဘုမ္မစိုးဆိုတာ မြေစောင့် တောင်စောင့် နေရာစောင့်နတ်ပေါ့။ နတ်မျိုးနတ်နွယ်ဝင်မှာ ဒီနတ်တွေအားလုံးဟာ စတုမဟာရာဇ်ဘုံထဲအကျုံးဝင်တယ်။ စတုမဟာရာဇ်ဘုံဟာ မြင့်မိုရ်တောင်အောက် တာဝတိံသာအောက်ကနေ ဟိုးငရဲပြည်အထိအကျုံးဝင်တယ်။ စတုမဟာရာဇ်နတ်မျိုးထဲမှာ နဂါး၊ ဂဠုန်၊ ဘီလူး၊ နောက် ဂန္ဓမ္ဗနတ်လို့ခေါ်တဲ့ အမျိုးတွေ အထိအစားစားရှိတယ်။

            -အထက်နတ်လို့ခေါ်တဲ့သူတွေဆိုတာ တာဝတိံသာတို့ တုသိတာတို့ဖက်က နတ်တွေ။ လူ့ပြည်ဆင်းလာရင် မြေကြီးပေါ်မဆင်းတတ်ဘူး။ ကောင်းကင်ယံကနေ လက်အုပ်ချီတတ်တယ်။ စတုမဟာရာဇ်အနွယ်ဝင် နတ်တွေက လူယောင်ဖန်ဆင်းတတ်တယ်။ ဝတ်ဖြူစင်ကြယ်တွေ ဘာတွေနဲ့လာတတ်တယ်။ အထူးသဖြင့် တောင်စောင့်နတ်၊ ကျောင်းစောင့်နတ်တွေ၊ ရုက္ခစိုးတွေ။ ရုက္ခစိုးဗိမာန်ကို ဘယ်လိုမြင်ရမလဲပေါ့။ ရုက္ခစိုးက သစ်ပင်ပေါ်တက်ထိုင်နေတာမဟုတ်ဘူးဆိုပဲ။ သစ်ပင်ကိုစွဲပြီးဖြစ်တဲ့ ဗိမာန်မှာနေတယ်။ စိတ်စင်ကြယ်လို့ သမာဓိဟာ ဥပစာရသမာဓိအနားရောက်လို့ အဲ့ဒီနိမိတ်ကို ဖြန့်ကြည့်လိုက်ရင် သစ်ပင်တွေအထက်နားမှာ ဗိမာန်အသီးသီးနဲ့ဆိုတာ မိမိသမာဓိမျက်လုံးနဲ့မြင်နိုင်ပါတယ်တဲ့။

 
          -ငရဲပြည်က ငရဲထိန်းတွေဆိုတာ လဲ စတုမဟာရာဇ်နတ်အစားတွေပဲ။ အာဠာဝကတို့ဟာလဲ စတုမဟာရာဇ်ထဲကအစားတွေပဲ။ အတိတ်ကံ ကုသိုလ်ကံအကျိုးပေးခြင်းကွာသလောက် တန်ခိုး အခြွေအရံလဲကွာကြတယ်။ ဟေမဝတ တို့ဟာဆိုရင် စတုမဟာရာဇ်နတ်ဘုံက တောင်စောင့်နတ်ကြီးတွေဖြစ်ပေမယ့် ကဿပဘုရားရှင်လက်ထက်တော်ကသီလပြည့်စုံတဲ့ ရဟန်းမြတ်ဖြစ်ခဲ့တာကြောင့် တန်ခိုးအခြွေအရံကြီးမားပြည့်စုံတယ်။

-နဂါးတွေ ဆိုတာလဲဒီအနွယ်တွေပဲ။ ဒီနဂါးတွေထဲမှာလဲ သူတို့အချင်းချင်း အထိန်းအကွပ်ရှိရတတ်တယ်။ ဒီကောင်တွေထဲမှာလဲဆိုးတဲ့ကောင်တွေရှိလို့ တပ်ထိန်းလို အချင်းချင်း ပြန်အုပ်ချုပ်ရတဲ့သူတွေရှိတယ်တဲ့။

       -တောတွေ တောင်တွေမှာ ကမ္မဌာန်းကျင့်ရင် တောင်စောင့်နတ်တွေနဲ့ခင်တဲ့သူတွေရှိတယ်။ ဥပမာ တောင်တန်းဆရာတော်ကြီးဆိုရင် တောင်စောင့်နတ်မင်းခြောက်ကြိမ်တိတိလာတယ်ဆိုတာကို မှတ်တမ်းပြုထားတယ်။ သစ်ပင်အောက်မှာ ရုက္ခမူဓူတင်ကျင့်ရင် ရုက္ခစိုးနဲ့ခင်လာတတ်တယ်။ ရုက္ခစိုးကစောင့်ရှောက်တတ်တယ်။ မေတ္တာကိုတော့လက်ကိုင်ထားရစမြဲပေါ့လေ။

      -နတ်ထဲမှာ နတ်ဆိုးလဲရှိသလို နတ်ကောင်းလဲရှိတယ်။ နတ်ဆိုးနဲ့နတ်ကောင်း လူဆိုးနဲ့ လူကောင်းလိုပဲ ကွဲပြားတယ်။ နတ်တွေဟာ လူတွေနဲ့ကွာတာက လူတွေမှာလို ဇွဲလုံ့လ၊ သတ္တိ၊ ဝီရိယာ ဆိုတာ နတ်တွေမှာမရှိဘူး။ ဒုက္ခဆိုတာကို မခံရတော့ ပျင်းကြောထူတယ်။ ဒီအချက်ဟာဖြင့် တောင်ကျွန်းသား လူတွေရဲ့ နတ်တွေထက်သာတဲ့အချက်တွေပဲ။ နောက်ပြီး အိဒြေ္တွကိုစောင့်စည်းနိုင်တဲ့ သီလစင်ကြယ်တဲ့ သူတော်မြတ်ဟာ ကာမဂုဏ်ခံစားနေတဲ့ နတ်ပြည်ခြောက်ထပ် နတ်တွေရဲ့ ဦးချခြင်းကိုသာ ခံယူထိုက်တယ်။ သူက ဦးချဖို့မလိုဘူး။ ဒါက နတ်ကိုးကွယ်သူတွေအတွက် သတိပြုချင်စရာပေါ့။

           -မြန်မာပြည်က အကြားအမြင်တို့ ဂမ္ဘီရတို့ဆိုတာ နှစ်မျိုးရှိတယ်။ ဓါတ်ကူနဲ့နတ်ကူလို့ မဟာဗောဓိမြိုင်ဆရာတော်ကဟောတယ်။အခု နတ်ဦးရေထဲမှာ ဓမစကြာသုတ်ဟောတုန်းက အရိယာဖြစ်တဲ့နတ်တွေများတော့ ဗုဒ္ဓဘာသာနတ်တွေများတယ်။ ဒီတော့ ဒီနတ်တွေကို ချိတ်ဆက်ပြီး သူတို့အကူအညီတောင်းလို့ရတယ်။ ဗုဒ္ဓရဲ့ ဂုဏ်တွေကိုပွားရင် ဒီလိုအကြားအမြင်ဆန်ဆန်တွေရလာတတ်တယ်။ ဒါပေမယ့် နတ်တွေနဲ့ဆက်သွယ်ဖို့အတွက် သတ်သတ်လွတ်စားရတတ်တယ။်။ အကြောင်းရင်းက ကိုယ်နံ့ကို သူတို့မခံနိုင်လို့...အသားစားရင်။ လယ်တီဆရာတော်ကလဲ ပလိပ်ကာလ ပရိတ်ရွတ်တုန်း အမဲသားမစားဖို့ ပြောဖူးတယ်။ နောက် သီလ လုံရတယ်။ ဗုဒ္ဓဘာသာနတ်တွေဟာ သီလမလုံရင်မကူညီချင်ကြဘူး။

-နောက်တစ်မျိုးကတော့ဓါတ်ကူတဲ့။ ကိုယ့်အစွမ်းနဲ့ကိုယ်ကျင့်တာ။ တစ်လောက ဈာန်တွေအဆက်ဆက်တက်ပုံနဲ့ အနာဂတ်ကို ကြည့်ပုံမှာရှင်းပြပြီးသားမို့မရှင်းပြတော့ဘူး။ အသေးစိတ်လေ့လာလိုရင် ဆရာနန္ဒာသိန်းဇံ၇ဲ့ စိတ်အဆင့်ဆင့်မြင့်တက်ခြင်း ဒဿနိကဗေဒစာတမ်းကို ပြန်လည်လေ့လာနိုင်ပါတယ်။

-နတ်ပြည်ခြောက်ထပ်မှာ လူ့ပြည်နဲ့အနီးဆုံးက နတ်တွေက စတုမဟာရာဇ်နတ်တွေပဲ။ ဘုရားရှင်လက်ထက်တော်မှာတော့ နီးနီးစပ်စပ်လာဖူးတဲ့နတ်တွေမနည်းပါဘူး။ မင်္ဂလသုတ် ဟောဖို့ လာတယ်။ နောက် သိကြားမင်းသေငယ်ဇောနဲ့လန့်တဲ့အချိန် သက္ကပညှသုတ်အတွက်လာတယ်။ ပဉ္စသိက္ခတောင် ဘုရားရှင်ရှေ့ မအောင့်နိုင်မအီးနိုင် သူချစ်တဲ့ နတ်ပျိုမယ်လေးကို ချစ်တေးသီလိုက်သေးတယ်။ နောက် မာရ်နတ်လာတယ်။ ပရိနိဗ္ဗာန်ပြုဖို့လာလျှောက်တာ။ နောက် အနာထပိဏ်အိမ်က တံခါးစောင့်နတ်။ နောက် မောင်နန္ဒလို့ခေါ်တဲ့ နဂါးက ရဟန်းသိပ်ဖြစ်ချင်လို့ လူယောင်ဖန်ဆင်းပြီးနေတယ်။ တစ်ရက်အိပ်ပျော်နေတုန်း နဂါးအသွင်ပေါ်လို့ နှင်လိုက်ရတယ်။ ဒီကတည်းက ရဟန်းပြုမယ်ဆိုရင် လူစစ်စစ် လားမေးရတယ်။

-မိုးကုတ်ဆရာတော်၊ နောက် မောင်းထောင်ဆရာတော်တို့ ပျံတော်မူခါနီး ညဖက်တွ ခဏခဏ အလင်းရောင်တွေ ကောင်းကင်က လာတတ်တယ်။ စွန်းလွန်းဆရာတော်ပေါက်မြောက်တဲ့ညမှာ သူ့အောက်စတုမဟာရာဇ်နတ်မင်းလေးပါး နဲ့ သိကြားမင်း လာရှိခိုးတယ်လို့ မှတ်တမ်းတွေ့ဖူးတယ်။ မဟာစည်ဆရာတော်နဲ့ကျတော့ နိမ္မာနရတိနတ်ပြည်က နတ်မင်း အမေးအဖြေမှတ်တမ်းရှိတယ်။ မဟာစည်ဆရာတော်နဲ့က ဆဌသင်္ဂါယနာမတင်ခင်လေးတင်မှာ။ တော်တန်းသာသနာပြုဆရာတော်ကြီးကတော့ သူသီတင်းသုံးတဲ့တောင်လေးဆီကို ဂေါ်ရခါးအဖိုးကြီးပုံစံနဲ့ လူတစ်ယောက်လာတတ်တယ်။ ဆင်းသွားရင် တောင်ဆင်းလမ်းတစ်လျှောက်လုံးအင်မတန်လင်းထိန်တဲ့အလင်းရောင်ကြီးကို ပြသွားတတ်တယ်လို့ ဆိုတယ်။ တောင်စောင့်နတ်ကြီးပေါ့လေ။ 

        သီဟိုဠ်ခေတ်မှာ ဖုဿဒေဝမထေရ် စေတီကိုသန့်ရှင်း တရားအားထုတ်တာ မာရ်နတ်လာတယ်။ နှောင့်ယှက်တယ်။ နောက် ရဟန်းက မာရ်နတ်လားလို့မေးတော့ ထင်ချင်သလိုထင်လို့ဖြေတယ်။ တစ်ကယ်လားလို့မေးတော့ ဟုတ်တယ်လို့ဖြေတယ်။ မာရ်နတ်က မလိမ်ဘူးနော်။ နောက် ဘုရားအသွင်ဖန်ဆင်းပြခိုင်းတော့ အလွန်သပ္ပါယ်လို့ နှလုံးသွင်းနေကျ ဗုဒ္ဓါနုဿတိကို နှလုံးသွင်းပြီး ရဟန်းတရားပေါက်တယ်။ လက်ရှိ ဗန်းမော်ဆရာတော်ဆီကျတော့ ရုက္ခစိုးတွေလာတယ်လို့ ဆိုတယ်။ မျက်နှာတွေက မျက်နှာကျက်တစ်ခုလုံးအပြည့်လောက်ရှိတယ်လို့ပြောတယ်။ ဆရာတော်က ပဌာန်းသိပ်ရွတ်တယ်။ အစပိုင်းမထူးပါဘူး။ နောက်ပိုင်း နတ်တွေ လာခါနီးရင် သိပ်မွှေးပျံ့လာပြီး ပန်းမှုန်လို အမှုန်လေးတွေ တဖွဲ့ဖွဲကျလာတတ်တယ်လို့ပြောတယ်။ မပြုံးမရယ်ဘဲ ဆ၇ာတော်ကို ကိုယ်ထင်ပြတယ်လို့ပြောဖူးတယ်။ မျက်နှာကြီးတွေက အကြီးကြီးတွေတဲ့။

-ညောင်လွန့်ကိုယ်တော်ကြီး သုဿာန်ဓူတင်ဆောင်တုန်းမှာ သင်္ချိုင်းထဲ ပြိတ္တာတွေ မနည်းတဲ့။ တစ်ချို့က ရိုရိုသေသေနာတတ်တယ်။ တစ်ချို့က ကမြင်းတတ်တယ်။ ငြိမ်ငြိမ်နေဘူး။ စာချနေတဲ့ ရဟန်းသရဲတွေကိုလဲတွေ့ရတတ်တယ်ဆိုပဲ။ သည်းညည်းခံပြီးမေတ္တာပို့ရတတ်တယ်။ သရဲ ဘီလူးး ဘယ်လို နတ်ဆိုးကမှ ဗုဒ္ဓကို လှူထားရင် မဖမ်းစားနိုင်ဘူး။ 

ဒါကြောင့်တရားအားမထုတ်ခင် မိမိခန္ဓာငါးပါးကို မြတ်စွာဘုရားရှင်ထံ ဆက်ကပ်လှူဒါန်းပါတယ်လို့ လုပ်ရတယ်။ မဟုတ်ရင် တရားအားထုတ်နေတုန်း သမာဓိမြင့်လာလေလေ ရှေးက သိုက်ဆက်ထဲက လူတွေက ကိုယ်ပါဝါမြင့်လာရင် ခေါ်ခိုင်းမှာ နှိပ်စက်မှာစိုးလို့ လာနှောက်ယှက်တတ်တယ်။ အနီးနားက ကိုယ်နဲ့မဆိုင်တဲ့ သိုက်စောင့်တွေကလဲ ကိုယ့်ပါဝါမြင့်လာရင် သူတို့ဆီက ပစ္စည်းတောင်းမှာစိုးလို့ လာလာကြပ်တတ်တယ်။ ကပ်စေးနှဲလို့မှ သိုက်စောင့်ဖြစ်နေတာဟုတ်တယ်မလား။ ဒါကြောင့် မေတ္တာပွားထားရတယ်။ ဘုရားကို မိမိ စိတ်ရောကိုယ်ပါ အပ်နှံထားရတယ်လို့ ဆိုတယ်။

ဘာမှတော့မဟုတ်ပါဘူး။ နတ်တွေ သရဲတွေအကြောင်းနည်းနည်းပါးပါးပါ။ ရေးစရာကတော့ အများကြီးကျန်ပါသေးတယ်။ ပေတဝတ္တုဆို အများကြီးပါတာပေါ့။

ပုဏ္ဏကတိုက်တဲ့ အိမ်


ကျွန်တော့် အဖေဟာ ကုမ္ပဏီ ကိစ္စ တွေ ကြောင့် နယ်မြို့ လေးတစ် မြို့ ကို ပြောင်းရွှေ့ နေထိုင်ခဲ့ရပါတယ် အဖေ နဲ့ သူ တပည့်တွေဟာ ကုမ္ပဏီက ပေးထားတဲ့ အိမ်အသစ်လေးမှာ နေထိုင်ရင်း ကုမ္ပဏီ အတွက် အလုပ်များကို အဲ့ ဒီမြို့ လေးမှာ လုပ်ကြရပါတယ် ကျန်တဲ့ ကျွန်တော်တို့ မိသားစုကတော့ မန္တလေးမြို့ မှာ နေထိုင်ကျန်ရစ်ခဲ့ ကြ ပါတယ် နောက်ပိုင်းကျတော့ အမေက အသက် အရွယ်ကြီးရင့် နေပြီဖြစ်တဲ့ အဖေ့ ကျန်းမာရေး အတွက် ကျွန် တော့်ကို အဖေတို့ နေထိုင်ရာ မြို့ လေးသို့ လွှတ်ကာ အဖေ နဲ့ အတူ သွားရောက်နေထိုင်ခိုင်းခဲ့ပါတယ် စာ ဖတ် ပရိတ်သတ်ကြီး သိ တဲ့ အတိုင်း ကျွန်တော်စာရေးသူဟာ အလုပ်လက်မဲ့ ဖြစ်ပါတယ် ဒါကြောင့် အဖေထံသို့ လွယ် လွယ် ကူကူ သွားရောက်နေထိုင်ခဲ့ပါတယ် အစောထဲက အဖေနဲ့ လိုက်ပါနေ ထိုင်ခဲ့ ချင်း မရှိ တာက အဖေနဲ့ ကျွန်တော်က သိပ်ဓာတ်မတည့်လို့ပါ မတည့် အတူနေမို့လို့ပါ ကျွန်တော်က ခေါင်းမာ ဇွတ်တ ရွတ် အရွဲ့ တိုက် စိတ်ကြီးသလောက် အဖေကလည်း ခေသူမဟုတ်ပါ အထေ့ အငေါ့ အရိ ဗျစ်တောက် ဗျစ် တောက် ပစိပစပ် ပြောတဲ့ နေရာမှာ အဖေဟာ ဆရာတစ်ဆူပါ ကျွန်တော် ရေးတဲ့ စာတွေကို ပုံမှန်ဖတ်နေ ကြ စာဖတ်ပရိတ်သတ်တွေဆိုရင် ကျွန်တော့် အကြောင်း ကောင်းကောင်းသိမှာပါ အဖေ့အကြောင်းသိချင်ရင် သား ကိုကြည့် ဆိုတဲ့ စကား လည်းရှိတယ်လေ…
နယ်မြို့ လေးက အဖေ့ အိမ်ကို ကျွန်တော် ရောက်ခဲ့ ရပါတယ် အိမ်ဝန်း အကျယ်ဟာ ပေ ၈၀ ပတ်လည် ရှိ ပါ တယ် ခြံထဲမှာ ဘာ သစ်ပင် မှ မရှိပါ မြက်ရိုင်းများ သာ ထူထပ်စွာ ပေါက်ရောက်နေပါတယ် အဖေ လည်း ရောက် ခါစမို့ အိမ်သစ်တတ်ဖို့ မလုပ်ရသေးပါ မိသားစုလည်း ပါမလာတာမို့ အိမ်သစ်တတ်ဖို့ နည်းနည်း နောက်ကျ နေ တာပါ ဘာပဲ ပြောပြော အိမ် နဲ့ ခြံဝန်း ဟာ  ဖြစ်လာတာ မကြာ သေးတာမို့ အိမ်သစ်တတ် အမျှ ဝေဖို့ လို နေတာက တော့ အသေအချာပါ

ရောက်ခါစ ကတော့ ဘာမှ မသိသာပါဘူး ဘာမှလည်း ခြောက်မယ် ပြုမယ်လို့ ကြို မတွေးခဲ့ ဖူးပါဘူး အဖေရုံး သွားနေတဲ့ အချိန် ကျွန်တော့် ပါ ကျွန်တော် တစ်ယောက်ထဲ ကျန်ခဲ့လည်း ဂိမ်းဆော့ အင်တာနက်သုံး စာဖတ် ရုပ်ရှင် ကြည့် နဲ့ အဆင်ကို ပြေနေခဲ့ တာပါပဲ နောက်ပိုင်းကျတော့ အိမ်ထဲမှာ တစ်စုံတစ်ယောက် လှည့် ပတ် နေ သလို ခံစားလာရပါတယ် ကိုယ့်စိတ်ကို ကိုယ် ပြန်အားတင်းရင် တစ်ယောက်ထဲ နေလို့ ဖြစ်တာနေမှာပါ ဟု  တွေး ရပါတယ် မသိစိတ်က ခြောက်ခြားနေလို့ နေမှာပါ လို့ လည်း တွေးရပါတယ် နောက်ပိုင်း ကျတော့ အိမ် ထဲ မှာ တစ်စုံ တစ်ယောက် လှည့် ပတ်နေတဲ့ ပုံမျိုးဟာ ပိုမို သိသာစွာ ခံစားလာရပါတယ် ဒါနဲ့ ဘာသာရေး ကိုင်း ရှိုင်း တဲ့ သူငယ်ချင်း တစ်ယောက်ကို လှမ်း အကူအညီ တောင်းရပါတယ် သူငယ်ချင်းက ပဠာန်းခွေ များများ နဲ့ ကျယ်ကျယ် ဖွင့် ပေးဖို့ ပြောပါတယ် ကျွန်တော်ကလည်း အရင်ထဲက ပုံမှန် ဖွင့် ကြောင့် ပဠာန်းခွေ ဖွင့် ရင်  ပို သိ သာလာတတ်ကြောင်း ပဠာန်းခွေ ဖွင့်တာကို မကြိုက်လို များ ဖြစ်တာလား မသိဟု သူငယ်ချင်း ကို စောဒက  တတ်မိပါတယ် သူငယ်ချင်းက ပဠာန်းတန်ခိုးက ကြီးမား ကြောင်း ပဠာန်းကို မကြိုက်ရင် နတ်ဆိုး သရဲ ဆိုး ဘီ လူးဆိုး များသာဖြစ်မှာ ဖြစ်ပြီး ပဠာန်းကို ကြိုက် ရင် နတ်ကောင်းနတ်မြတ် များဖြစ်မှာ ဖြစ်ကြောင်း သရဲ ဆိုပါ ကလည်း ကိုယ် ဖွင့်တဲ့ ပဠာန်းကို နားထောင်ရပြီး သူ့ တို့ လို သရဲတွေ အစောင့် တွေ အတွက် အကျိုးများ မှာ ဖြစ်ကြောင်း ထပ်မံ လမ်းညွှန်ပါတယ် ဖွင့် ဖြစ်အောင် ဖွင့်ရန်လည်း ထပ်မံ တိုက်တွန်းပါတယ်…
ဒါနဲ့ ကျွန်တော်က လည်း စိတ်ပေါက်ပေါက် နဲ့ “ ဆောက်ရေးမပါတဲ့ သရဲ တွေ ဆောက်ဇယားလာရှုပ်နေတယ်” ဆိုပြီး ပဠာန်း မဖွင့် ခင်  ပေါက်ကွဲပစ်လိုက်ပါတယ် ကျွန်တော်က လည်း တော်တော် ရယ်ရတဲ့ သူပါ ပဠာန်း တို့ မေတ္တာသုတ် တို့ ဖွင့်မယ်ဟာ ကို ရိုးရိုးလေး ဖွင့်စရာ ရှိတာကို မြန်မြန် မဖွင့်ပဲ လျှာကြော ရှည်လိုက်မိပါတယ် ကျွန်တော့် စကားလည်းဆုံရော လေလုံးဝ မတိုက်ပဲ အိမ်အတွင်းခန်း တံခါးဟာ ၀ုန်းက နဲ့ ပိတ်ပါလေရောဗျာ လူ တစ်ယောက်က ဒေါသထွက်လို့ ပိတ်တဲ့ ပုံမျိုးပါ တံခါးက သေသေချာချာ လူတစ်ယောက် ပိတ်လိုက် သ လို ပိတ် သွားတာပါ ဒါနဲ့ ကျွန်တော်လည်း တံခါးကို သွားကိုင်ကြည့်ပြီး “ ဟိုက်ရှ့် တစ်ကယ် ကိုင်သဟ တစ်ကယ် ကြမ်းတယ်ဟလို့ တွေးပြီး “ လန့်သွားပါတယ် ဟုတ်တယ်လေ ကျွန်တော် ဆဲလိုက်တဲ့ အချိန်နဲ့ အံကိုက် ဖြစ် တာရယ် လူတစ်ယောက် ပိတ်သလို ပိတ်သွားတာရယ် တစ်ခါမှာ ဒီလို တံခါးက လုံးဝမဖြစ်ဖူးတာရယ် ကြောင့် ပါ ကျွန်တော်လည်း ကျွစ် သွားတာနဲ့ ဟို ယောင်ယောင် ဒီယောင်ယောင်နဲ့ အိမ်ရှေ့ ထွက် ထိုင်နေတော့ တာ ပေါ့ ကျွန်တော်က လူလူချင်းသာ ရဲတာ မကြောက်တတ်တာ ကိုယ်မမြင်နိုင်တဲ့ သရဲ တို့ ဘာတို့ ကျတော့ ကြောက်တာပေါ့ မေတ္တာ ပြန်ထားရအောင်လည်း မေတ္တာသုတ်ဖွင့်ရအောင် လည်း ကိုယ့်ဖက်ကစပြီး လျှာရှည် ကာဆဲလိုက်မိပြီလေ အခုချိန်ကျမှ မေတ္တာထားမယ်ဆိုရင်လည်း မေတ္တာထားတာ အင်ကြီးဖြစ်နေမှာပေါ့ ကျွန် တော့်လို ဒေါသကုမ္မာရ ကထားတဲ့ မေတ္တာကလည်း ဘယ်လာစွမ်းမှာလည်းဗျာ အဖေ့ကို ဖုန်းဆက်ပြော ပေါ့ အဖေ ရုံးက ပြန်လာတော့ ပြောပြပေါ့ သရဲ ကားတွေ ထဲ ကအတိုင်း အခြောက်ခံရတဲ့ သူကအခြောက်ခံရ ပါတယ် ပြောတာကို အဖေက မယုံဖူးပေါ့ဗျာ လူကြီးတွေက ပြောရဆို ရခက်ပါတယ်လေ…
နောက်ဇယား တစ်ခုက အိမ်က ကားလေးမှာ အစင်းတွေ အလိုလိုပေါ်လာတာပါပဲ ကားပေါ်မှာ အစင်းတွေ  အလိုလို ပေါ်လာတယ် ပထမက လူလုပ်တယ် ထင်လို့ ကျွန်တော် ဒေါတွေ ကီးလိုက်တာဗျာ နောက်တစ်ခု ထပ်  စဉ်းစားသေးတယ် ဈေးတွေ ဘာတွေ သွားတဲ့ အခါ ကားကို Parking ထိုးထားတုန်း တစ်ယောက်ယောက် များ လက်ကမြင်းသွားသလားပေါ့ တစ်ခြား ကားတွေ လည်းရှိနေတာပဲ ကိုယ့်ကားကိုမှ ရွေးလုပ်စရာမရှိပါဘူး ပြီး တော့ ဒါမျိုး စိတ်ဓာတ်တွေက လူတိုင်းမရှိပါဘူး ရှိလည်း မရှိတော့ပါဘူး ရှိလည်း တော်တော်ရှားမှာပါ ခက် တာ က အစင်းတွေ ပေါ်တာဟာ နေ့စဉ်ရက် ဆက်ဖြစ်လာတာပါ  မနက်မိုးလင်းတာနဲ့ အစင်းတွေက တိုးလာ ပါ ပြီ ညဖက်မှာ သေချာ စစ်ဆေးမှတ်သားပြီး အိပ် မနက်မိုးလင်းတာနဲ့ အစင်းတွေက သိသာ ထင်ရှားစွာ တိုး လာတတ် ပါတယ် အိမ်က အဖေ့ တပည့် နှစ်ယောက်ကို သိပ်မသင်္ကာတာ နဲ့ သူတို့ အိမ်မှာ ပြန်နေခိုင်းလိုက် ပါတယ် ကျွန်တော် အဖေ နားမှာ ကျွန်တော် ရှိနေမှတော့ အဆင်ပြေနေပြီပဲလေ… သားအဖ နှစ်ယောက်ထဲ လည်း အဆင်ပြေပြေနေလို့ရနေတာပါပဲ ကျွန်တော် မလာခင်ကသာ အဖေတစ်ယောက်ထဲဖြစ်နေလို့ သူ့တပည့် တွေကို အဖေက ခေါ်နေတာပါ အဲ နောက်တစ်ခုရှိသေးတယ် အစင်းတွေ ပေါ်လာရုံတင်မကဖူး ပျားတွေ ကား အမိုးပေါ် လာပြီး ၉ ကောင် ၁၀ ကောင်လောက် လာသေနေတာလည်း ရှိသေးတယ် insect killer မဖြန်းပဲနဲ့ ပျားတွေ သေစရာနေရာ ရှားလို့ ကားခေါင်မိုး ပေါ် တတ်ပြီး သေနေတာကို လုံးဝ နားမလည်နိုင်တော့ပါ အဲ့မှာ ထဲက တစ်ခုခု လွဲနေပြီဆို တာ သိလိုက်ပါတယ်
အဖေ့ကို လည်း အိမ်သစ်တတ်ဖို့ ပြောလိုက်ပါတယ် ကျွန်တော့် သူငယ်ချင်းကလည်း ကမ္မ၀ါဖတ်ဖို့ လုပ် သင့် ကြောင်းပြောပါတယ် DVD ပဠာန်းတို့ မေတ္တာသုတ်တို့ ဟာ သက်ရှိရဟန်းတွေ ရွတ်တာ လောက် မကောင်းပါ လို့ အင်တာနက်ပေါ်က အသိ ဆရာတော်ကြီးတွေ တော်တော် များများက ပြောကြပါတယ် ဒါကတော့ ဗဟု သု တ တစ်ခုပေါ့
အဖေက အမေတို့လာလည်မှ ပဲ အိမ်သစ်တတ်မယ်ပြောပါတယ် ဒါနဲ့ တောင်ကြီးက ဆရာတော် တစ်ပါးထံမှာ ဆေးဖယောင်းတိုင်တို့ အမွှေးတိုင်တို့ ဆားမန်းတို့ ကို အကျိုး အကြောင်းပြောပြီး လှမ်းမှာပါတယ် ထွန်းစရာရှိ ထွန်း ပါတယ် နည်းနည်းတော့ ငြိမ်သွားပါတယ် နောက်တော့ အမေတို့ လိုက်လာလည်တယ် အိမ်သစ်တတ် အတွက် ထမင်းချက်ရင်း ဆားမန်းထုပ် လည်း ဟင်းချက်တဲ့ အထဲ ပါသွားပါတယ် ကျွန်တော်ထားတဲ့ နေရာ လို သွားတာလည်း ပါမှာပါ လာလည်တဲ့ အမေတို့ အဖွဲ့ထဲက အမျိုးသမီး နှစ်ယောက် အခြောက်ခံရတယ် ဒီ နေရာ မှာ အိပ်တာ မကြိုက်ဖူးတို့ ဘာတို့ပေါ့ ကျွန်တော်လည်း အမေတို့ စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ ဒီလိုကိစ္စ တွေ ဒီအိမ်မှာဖြစ်နေတာကို ကြိုမပြောခဲ့ဖူးပါဘူး အိမ်သစ်တတ်တယ် သရဲတွေကို သနားလို့ ဆရာတော်တွေကို  ကမ္မ၀ါ မရွတ်ခိုင်းခဲ့ပါဘူး ဘုရား အနေကဇာတင် ပရိတ်ရွတ် အမျှဝေ တာပဲ လုပ်ခဲ့ပါတယ်
အမေတို့ ပြန်ပြီး မကြာခင်မှာပဲ ကျွန်တော့် ဆရာ တစ်ယောက် အိမ်လာလည်ပါတယ် လမ်းကြုံလို့ လာလည် တာပါ ပုတီးစိပ် တရားထိုင်တာပဲ လုပ်တဲ့ ဆရာပါ သူ့ လိုင်းက သန့်ပါတယ် တော်တော် အေးပါတယ် အကြား အမြင်ကို ရုပ်ပုံ နဲ့ ဖော်ပြောနိုင်တဲ့ အထိ မြင်ပါတယ် အနာဂတ်ကိုလည်း ဟော ပြောပြနိုင်ပါတယ် တစ်ခြား အ ကြား အမြင်ဆရာတွေလို အတိတ်က ဟာတွေ ကိုယ်သိပြီးသား ကိုယ့် အကြောင်း ကိုယ့်အကျင့်တွေကို ပြော တာမျိုးမဟုတ်ပါဘူး သရဲတွေ ပုဂ္ဂိုလ် လိုင်းတွေ နဲ့ မြင်တဲ့ ကြားတဲ့ အကြားအမြင်ဟာ  ကိုယ့် အတွက် အကျိုး မရှိတဲ့ ဟော ကွက်တွေပဲ ထွက်ပါတယ် ကိုယ့် အကျင့် ကိုယ်သိပြီးသားကို သူတို့က ထပ်ဟောလို့ ဘာမှ အကျိုး မရှိပါဘူး ပိုက်ဆံလည်း ပေးရသေး ကိုယ်အိမ်မှာ ငါးဟင်းစားခဲ့တာကို လာဟောရင် ဟောနေတတ်တဲ့ ဆရာ မျိုးတွေပါ ကိုယ်က အနာဂတ်သိချင်လို့ သွားမေးကာမှ သူတို့က ကျွန်တော် လမ်းမှာ ရေခဲမုန့် စားရင်း သူတို့ ဟော ခန်းကို ရောက်လာပါတယ်ဆိုပြီး ဟောချင်ဟောနေတာမျိုးပါ အဲ့ လို အကြားအမြင်မျိုးက ဘာမှ သုံးစားလို့ မရ ပါဘူး….
ကျွန်တော့် ဆရာက မေတ္တာ ပို့ ဘုရားရှိခိုးပြီး ရောက်ရောက်ချင်း အာရုံပြု ပေးပါတယ် ဆရာက ကျွန်တော့် ကို ပြောပါတယ် သရဲ မဟုတ်တဲ့ အကြောင်း ဘီလူးတွေ ဖြစ်တဲ့ အကြောင်း ဒီအိမ်နဲ့ အနားဝန်းကျင် တစ်ဝိုက် ဟာ သူတို့ ပိုင်နက်ဖြစ်တဲ့ အကြောင်း ဆရာပြောတဲ့ နေရာ ဟာ တော်တော် ကျယ်ပါတယ် တစ်ခြားခြံတွေ အိမ် တွေ လည်း အကျုံးဝင်ပါတယ် သူတို့ ပိုင်နက်မှာ လူတွေ လာနေတာကြောင့် ပါတဲ့ သူတို့ ဆရာဟာ တန်ခိုး အလွန် ကြီးမားပါတယ်တဲ့ ဒါကြောင့် မေတ္တာသာထားပါတဲ့  အသံပေးခြောက်လှန့်တာ လောက် လာမပြောနဲ့ ကားတွေကို နေရာရွှေ့ ကားတွေကို မှောက်အောင် ထိ လုပ်နိုင်တဲ့ ဘီလူးတွေပါတဲ့ ရှင်သာရိပုတ္တရာကို တင်း ပုတ်နဲ့ ထုရဲတာလည်း ဘီလူးပါ ဘုရားနဲ့ ဖက်သတ်တာလည်း အာဠာဝက ဘီလူးပါ တဲ့ ဒါကြောင့် စရိုက်ကြမ်း တဲ့ ဘီလူးတွေမို့ မေတ္တာသာထားပါလို့ ဆရာကဆိုပါတယ်…
အော် ကျွန်တော် ပြောဖို့ တစ်ခု ကျန်ခဲ့ပါတယ် ကျွန်တော် တို့ အိမ်နားက ခြံတစ်ခုမှာ ကားမောင်းတဲ့ သူ လည်း  ပြောင်းပြေးသွားပါတယ် သူ့ အလုပ်ရှင်က နေဖို့ ပြောပေမယ့် အလုပ်ထွက်ပြီး ကို ပြေးသွားတာပါ သူနဲ့ နောက် ပြန်တွေ့လို့ မေးတော့ သူလည်း သူကြုံရတာတွေကို ပြောပြပါတယ် ခြေဆွဲ ခံရတာမျိုး အခြောက် အလှန့်ခံ ရ တာမျိုးတွေ ကို ပြန်ပြောပြပါတယ်
ဆရာက ဆိုင်ရာပိုင်ရာတွေ ပင့်ပြီးပရိတ်တွေ ရွတ် မေတ္တာတွေပို့ ပေးပါတယ် အမျှပေးဝေပါတယ် ပြီးတော့ အနှောက် အယှက်မပြုဖို့ အပ်ပေးပါတယ် ဆရာ့ကို မပြန်ခင် အိမ်နားက ဘုရားတွေ ကျွန်တော် လိုက်ပို့ ပါ တယ် ဘုရားတစ်ဆူကို ကျွန်တော် တို့ တက်ဖူးတာမှာ အလွန် ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု နဲ့ ကြုံပါတယ် ဘုရား ပေါ်မတတ်ခင်က လုံးဝ နေပူနေတာပါ လေလည်း လုံးဝ မတိုက်သလောက်ပါ တစ်ခါ တစ်ခါ  တိုက်တဲ့ လေ က လည်း လေနုအေးလေးတွေပါ ကျွန်တော်တို့ လည်း ဘုရားတတ်ဖူးကော မိုးသားတွေ ချက်ချင်းတတ်လာ ပါ တယ် မိုးရိပ်တွေ ချက်ချင်းကြီးကို ဆင်လာပါတယ် လေတွေ အရမ်းကြမ်းတမ်းစွာ တိုက်လာပါတယ် အသိ အ သာကြီးမို့ ကျွန်တော်ကတော့ တော်တော် ကျွတ်စ် သွားပါတယ် ဘာမှ တော့ ဆိုးဆိုးဝါးဝါး မဖြစ်ပါဖူး ဘုရား လာ ဖူးတာ ဟာ ကောင်းတဲ့ အလုပ်ပါ ဒါကို ဘာဖြစ်လို့ ဒီလိုမျိုးဖြစ်လည်း ကျွန်တော် ဥာဏ်မမှီပါ… မိုးရိပ်တွေ ချက်ချင်းတက်လာ လေတွေ အရမ်းကြမ်းတမ်းစွာ တိုက် ကောင်းကင်ကြီး ချက်ချင်းမည်းလာတာမျိုး ပါ မသိရင် ပဲ ကျွန်တော် နဲ့ ဆရာက သိုက်လာတူးတာ ကျနေတာပါပဲ …
ဆရာပြန်သွားပြီး နောက်ပိုင်းတွေ မှာလည်း ပြန်ဖြစ်တာပါပဲလေ ကားပေါ်မှာ တစ်ခါ တစ်ခါ အစင်းတွေ ပြန် ပေါ်လာတတ်တယ်..ယင်ကောင်တွေ တစ်ခါတစ်ခါ အုပ်လိုက် လာတတ်တယ် ဒါလောက်ပါပဲ… အိပ်မက် တွေ လည်းမက်တယ်.. အိပ်မက်တွေထဲမှာ သူတို့ အကြောင်းတွေ ပါ ထဲ့ မက်တတ်တယ်.. ဆိုးဆိုးရွားရွားတွေပါပဲ အိပ်မက်တွေအရ စရိုက်တော်တော် ကြမ်းတဲ့ အကောင်တွေပါ တစ်ခါတစ်ခါ ကျွန်တော် အိပ်နေတုန်း ကျွန် တော့်ကို မည်းမည်း အရိပ်တွေက လာလာ ပတ်နေတယ် ကျွန်တော့်မှာ လှုပ်လို့ မရ အော်လို့မရ ဒုက္ခ တွေ အကြီး အကျယ်ရောက်ရတယ်…တစ်ခါတစ်ခါ ကျွန်တော် လိုတာထက်ကို ပိုပြီး ဒေါသ ပိုပိုကြီးလာတတ်ပါတယ် ကျွန်တော်မှာ  ကြောက်ကန်ကန်ပြီး ဆဲခဲ့မိ ဖူးတာ တစ်ခုပဲ အပြစ်ဆိုလို့ရှိပါတယ် ကျန်တာ ဘာမှ သူတို့ အပေါ် အပြစ်မလုပ်ခဲ့ပါဘူး မေတ္တာလည်း တတ်နိုင်သလောက်ထားပါတယ် သူတို့ ပါသူတို့ ခြံထဲမှာ စိတ်ကြိုက် နေပေါ့ ကိုယ့်လည်း ဒုက္ခ လာမပေးနဲ့ သူတို့ကိုလည်း ကျွန်တော်က ဒုက္ခ မပေးပါဘူး ကျွန်တော်က သူတို့ ကို သနားတဲ့ အတွက် ကမ္မ၀ါတောင် မရွတ်ခိုင်းခဲ့တာ မဟုတ်လား… ဒီလိုနဲ့ နေမပျော်လို့ မန္တလေးကို ပြန်လာခဲ့တယ် ကိုယ့် ပဲ ကွက်ဖြစ်နေတာမို့ ကျွန်တော်ပဲ ကံနိမ့်နေလို့နေမှာပါ အဖေကတော့ ဘာမှ မဖြစ်ပါဖူး ကျွန်တော်ပြန်သွားပြီး နောက် ပိုင်း အဖေက သူ့ တပည့် အသစ်တစ်ယောက်ကို အိမ်မှာ ခေါ်ပြီးနေပါတယ်…
မန္တလေး ရောက်ပြီး သိပ်မကြာဖူး သူငယ်ချင်းဟောင်းတစ်ယောက် နဲ့ ပြန်တွေ့တယ် သူငယ်ချင်းက ဘုရား တစ် ဆူ အကြောင်း စကားအစပ် အဆက် မရှိပဲ စပြောတယ်… ဘုရားဖောင်းရစ်မှာ ဘီလူးပုံတွေ ထွင်းထားသတဲ့  ကြမ်းတယ် ရမ်းတယ်လို့ နာမည်ကြီးနေတဲ့ ရှေးဘုရားတဲ့ ဘုရားက တော့ မကြမ်းဖူး ဆိုတာ လူတိုင်းသိပါတယ် ဘုရားစောင့် ဘီလူးတွေ နတ်တွေက ကြမ်းတာနေမှာပါ… ကျွန်တော်က နယ်မှာ ဘီလူးကိစ္စ ကြုံလာခဲ့ သူမို့ သူငယ်ချင်းကို သူပြောတဲ့ ဘုရား သူ့ပဲ လိုက်ပို့ ခိုင်းတယ်… ကျွန်တော် မမေးပဲ သူက စပြောတာမှာတင် နည်း နည်း တော့ ထူးဆန်းနေပြီလေ…ဘုရားကို ဖူးခဲ့တယ်..
ဖြစ်ရပ်မှန် များသာဖြစ်ပါတယ်  အိမ်ထဲ အိမ်ပြင်၌ ဆိုးဝါးစွာ အသံပေးတာမျိုးတွေ လည်းရှိခဲ့ပါတယ် ကျွန်တော် စာရေးရင်း ကျန်ခဲ့တာပါ နောက် တစ်ခေါက် အဖေ့ ဆီပြန်ရောက်သော အခါ ဘာမှ မဖြစ်တော့ပါ ကျွန်တော် လည်း စိတ်သန့် စွာ နေနိုင်သွားပါပြီ… တစ်  ချို့ တွေက ပြောတယ် သူတို့ တွေက ကိုယ့်ကို မေတ္တာရှိရင် ကိုယ့် အကျိုးကိုတောင် ဆောင်ပေးမှာတဲ့….အရင်တုန်းက ကျွန်တော်ကိုယ်တိုင်က ကြောက်ကန်ကန်နေတာ နေ မှာ ပါ….မရဲသော်လည်း ပြေးခဲစေ ဒီအိမ်မှာ အဖေနဲ့ ကျွန်တော် ကြာကြာလေ နေအုံးမှပဲ….မြို့ နာမည်များ လွှဲ ထား ပါသည်…
အောင်ပိုင်

သရဲတစ္ဆေနှင့်ဆက်စပ်အကြောင်းအရာများ

သရဲတစ္ဆေနှင့်ဆက်စပ်အကြောင်းအရာများ
http://shanyoma.org/index.php/component/search/?searchword=%E1%80%9E%E1%80%9B%E1%80%B2%20%E1%80%90%E1%80%B1%E1%80%85%E1%81%A6&searchphrase=all&Itemid=435
 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw