ရဟန်းတော်တွေ ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့်ခေါင်းရိတ် ကြရတာလဲဆိုတဲ့ အကြောင်းလေးကို သိစေချင်ပါတယ်။အဲဒီအကြောင်းကို အရှင်နာဂသိန်ထေရ်လောင်းလျာ သူငယ်လေးက မေးလို့ အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။ အဲဒီ (၁၆) ပါး သောအပြစ်ကြောင့် ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များခေါင်းရိတ်ကြရတာ ဖြစ်ပါတယ်။
အဲဒီအပြစ်တစ့်ဆယ်ခြောက်ပါးက ဘာတွေလဲလို့ဆိုတော့ (၁) ဆံပင်ကို တန်ဆာဆင်ရခြင်း။
(၂) ပြေပြစ်ချောမွေ့အောင် ပြုပြင်ရခြင်း(ယခုခေတ်အလို ဆံပင်ဖြောင့်ခြင်း ကောက်ခြင်း)။
(၃) ဆီလိမ်းရခြင်း။
(၄) ခေါင်းလျှော်ရခြင်း။
(၅) ပန်းပန်ရခြင်း။
(၆) ခေါင်းလိမ်းဆီမွှေးသုတ်လိမ်းရခြင်း။
(၇) ခေါင်းလျှော်ရန် ကင်ပွန်းသီး ဆီ စသည်တို့ဖြင့် (ထုံရ)နှဲရခြင်း။
(၈) သဖန်းခါးသီးရှာရခြင်း။
(၉) သျှစ်သျှားသီးရှာရခြင်း။
(၁၀) ဆံပင်နက်အောင် ဆေးဆိုးရခြင်း။
(၁၁) ဦးသျှောင်ထုံးရခြင်း။
(၁၂) ဘီးဖြင့် ဖြီးရခြင်း။
(၁၃) ပြုရ၊ပြင်ရခြင်း။
(၁၄) ထုံးပြီး ဦးသျှောင်ကို အခါအားလျှော်စွာပြန်ပြင်ရခြင်း။
(၁၅) သန်းရှာခြင်း၊
(၁၆) ဆံပင်ကျွတ်ခဲ့သော် ပြတ်ခဲ့သော် စိုးရိမ်ရခြင်း။
ပင်ပန်းရခြင်း၊ငိုကြွေးမြည်တမ်းရခြင်း၊ရင်ဘတ်စည်တီးရခြင်း ညည်းတွားရခြင်း လွန်စွာတွေဝေရခြင်းတို့ဖြစ်ပါတယ်။
ရဟန်းတော်များ ကိုရင်များ သီလရှင်များ ဆံပင်များရှိနေပါက ကြည်ညိုဖွယ်မဖြစ်သလို ထိုဆံပင်ကြောင့် အချိန်ပိုကာ အချိန်များစွာပေးရကာ ပရိယတ္တိအလုပ်များကိုကောင်းစွာမလုပ်နိုင်သလို ပဋိပတ်ဆိုတဲ့ ဝိပဿနာအလုပ်များကိုလည်း အားလျော့စေပါတယ်။ထိုကြောင့်
ဒီအပြစ်တွေကြောင့် သာသနာကိုဝင်ရင် ခေါင်းရိတ်ကြရတာဖြစ်တယ်ဆိုတဲ့အကြောင်းအားလုံးကိုသိစေအပ်ပါသည်။
ကိုးကား။ ။ မင်းဘူးအရှင်ကဉ္စန (ဘာသာရေးပြဿနာအဖြေ)စာအုပ်
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
လောင်တဲ့မီး ကူငြိမ်းနိုင်ကြပါစေ(ပညာပေး)
တစ်ခါက ရွာတစ်ရွာမှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ မုဆိုးမ တစ်ယောက်ရှိ၏။ မုဆိုးမဟာ ဥစ္စာလည်းရှိ မာနလည်း ကြီးတာကြောင့် တစ်ရွာလုံးက သူမကို မျက်မုန်းကျိုးနေတာပေါ့။
တစ်နေ့ကျတော့ မုဆိုးမအိမ်မှာ မီးလောင်တော့ ရွာသားတွေကို အားကိုးတကြီးနဲ့ မီးကူငြိမ်းပေးဖို့ အော်နေတယ်။ မီးလောင်နေတဲ့ မုဆိုးမအိမ်ကို ရွာသားတွေက တစ်ယောက်မှ လာမကူငြိမ်းတဲ့အပြင် တချို့က "အကုန်လောင်ပါစေ။ ဒီလောက် မာနကြီးတဲ့ မုဆိုးမ တစ်ခါထဲ မွဲသွားပါစေ" ဆိုပြီး မေတ္တာပို့နေကြတယ်။
မကြာမီ ရွာသူကြီးရောက်လာပြီး ဒီလိုအော်ပြောလိုက်ပါတယ်။
"ဟေ့ ရွာသားတွေအားလုံး ကြီးငယ်ပါမကျန် ရေခပ်ပြီး မီးငြိမ်းကြ မီးသတ်ကြဟေ့"
"ရွာသူကြီး ဒီမုဆိုးမက မာနကြီးတယ် တစ်ရွာလုံးနဲ့လည်း မတည့်ဘူး ဒါကြောင့် မီးကို ကူမငြိမ်းနိုင်ဘူး"
"ဟ မင်းတို့ ဒီလို မပြောကြနဲ့ အခုလောင်နေတဲ့မီးက မုဆိုးမအိမ်ရဲ့ မိုးဖိုဆောင်ကို စလောင်တာတော့ ဟုတ်တယ်ကွ။ သူမရဲ့ အိမ်က
လေညာမှာရှိနေတော့ သူ့အိမ်ကြီးကို မီးစွဲလောင်သွားရင် မင်းတို့ငါတို့အိမ်တွေ တစ်ရွာလုံး ပြောင်သွားလိမ့်မယ် သိလား။ ဒါကြောင့် ရွာသားတွေ
တစ်ယောက်မှ မကျန် ဒီမီးကို ဝိုင်းဝန်းပြီး ငြိမ်းသတ်ကြ"
ဒီလိုနဲ့ ရွာသားတွေ ကလေးရော လူကြီးပါမကျန် တရွာလုံး မီးကို ဝိုင်းငြိမ်းလိုက်တော့ မီးငြိမ်းသွားတယ်။ မုဆိုးမရဲ့ မီးဖိုဆောင်တစ်ဝက်လောက်သာ
မီးလောင်သွားတယ်။
မီးလောင်ပြီးတဲ့နောက် မုဆိုးမလည်း သူမရဲ့ အိမ်ကြီး မီးဘေးက လွတ်ခဲ့တာကို လွန်စွာဝမ်းသာသွားတယ်။ ရွာသားတွေကိုလည်း အထူးကျေးဇူးတင်မိတော့တယ်။ သူမမျက်ရည်ကျပြီးတော့ အခု မီးမလောင်ဘဲ ကျန်တဲ့ပစ္စည်းတွေဟာ ရွာသားတွေကြောင့်
ကျန်နေခြင်းသာဖြစ်ကြောင်း သူမ သဘောပေါက်သွားတယ်။
မီးလောင်ပြီးတဲ့နောက် မုဆိုးမဟာ အရင်တုံးကလို မာနမကြီးတော့ဘူး။ ရွာရဲ့ ကိစ္စအဝဝကို လိုလေသေးမရှိအောင် ကူညီလေတော့တယ်။
တကယ်တော့ ရွာသားတွေ ငြိမ်းလိုက်တဲ့ မီးဟာ အပြင်မီးလို့ဆိုပေမယ့် မုဆိုးမကြီးရဲ့ အတွင်းမီးဖြစ်တဲ့ မာနတရားကိုလည်း ငြိမ်းသတ်နိုင်ခဲ့ခြင်းပါ။
တောင်တန်းသာသနာပြု ဆရာတော် စဝ်ဆုခမ်း (တန့်ယန်း)

Post a Comment
သင်၏မှတ်ချက် ရေးပါ။.....